ပဲခူးမှာ ကုန်တင်ကား မောင်းသူနဲ့ ယာဉ်နောက်လိုက်တွေကို Covid ပိုးရှိမရှိ Test Kit ဖြင့်စစ်ဆေးနေရာ မနေ့က ညနေအထိ ကိုဗစ်ကူးစက်ခံထားရသူ ၃၄ ဦး တွေ့ရှိထားတယ်လို့ ပဲခူးတိုင်းကျန်းများရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။

ပဲခူးတိုင်းထဲကို ဖြတ်သန်းသွားမယ့် ကုန်တင်ကားတွေကို အောက်တိုဘာလ ၂ ရက်နေ့ကတည်းက ကိုဗစ်ပိုးရှိမရှိ စစ်ဆေးပြီးမှ ဖြတ်သန်း ခွင့်ပြုနေတာဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့အထိကို Test Kit ဖြင့် ကုန်တင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁၅၀၀ ကျော်ကို ကိုဗစ် စစ်ဆေးနိုင်ခဲ့တယ်လို့သိရပါတယ်။



 ကိုဗစ်ပိုးရှိမရှိ စစ်ဆေးဖို့အတွက် ကုန်ကားတွေကို ရပ်တန့်ထားပြီး ယာဉ်မောင်း ၊ ယာဉ်နောက်လိုက်တွေကို နစ်တကျဖြင့် အာခေါင်တိုဖတ် နှာခေါင်း တို့ဖတ် ရယူကာ ဆေးစစ်ချက်အဖြေစောင့်ဆိုင်းရတာကြောင့် စစ်ဆေးရေး ဂိတ်တွေမှာ ကားတွေလည်း ပိတ်ဆို့မှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ကိုသူရအောင်

" ကားပိတ်တာတွေပြေလည်အောင်တော့ ဖြေရှင်းနေတယ်။ စစ်ဆေးတဲ့အထဲမှာ ပိုးတွေ့တာ ရှိတယ်။ မွန်ပြည်နယ် ကိုသွားမယ့်ကားတွေက ပဲခူးတိုင်းထဲမှာပိတ်နေတာရှိတယ်။ ရန်ကုန်ကအထွက် ပဲခူးအဝင်မှာ စစ်တယ်။ ပဲခူးထဲမှာရှိနေတဲ့ကားတွေက ဝေါမှာလည်းစစ်တယ်။ ကားတွေလည်းပိတ်မိတာရှိတယ်။တောက်လျှောက် တော့စစ်နေတယ် " လို့ ပဲခူးတိုင်းကျန်းများရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။

Test Kit ဖြင့်စစ်ဆေးမှုကို ပဲခူးတိုင်းထဲက ရန်ကုန်အထွက် ပဲခူးအဝင်၊ဝေါ စစ်ဆေးရေးဂိတ်အပါအဝင် နေရာငါးခုနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မွန်ပြည်နယ်ဘက်ကနေ လာရောက်မယ့် ကားတွေကိုလည် မွန်ပြည်နယ်အစိုးရဘက်ကနေ ကိုဗစ်ရှိမရှိ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ပဲခူးတိုင်းဟာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ် စတဲ့ တိုင်းဒေသကြီးပြည်နယ်တွေနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ အပြင် ကုန်စည်ပို့ဆောင်ရေး အဓိက လမ်းကြောင်းပေါ် မှာ ရှိနေတဲ့အတွက် Test Kit စစ်ဆေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရတယ်။

ဓာတ်ပုံ - မြတ်သူ

"အစိုးရအဖွဲ့ ကလုပ်နေတာဖြစ်တယ်။ ဝေါမှာက ပြီးခဲ့တဲ့နေ့က P လူနာ တွေ့တာများလာလို့ ဝေါနဲ့ စစ်တောင်းတံတားထိပ်က လုပ်နေကြတာပေါ့။ ဝင်းဟိုဘက်ကလည်း ပိတ်တယ်၊ဒီဘက်လည်း ပိတ်တယ်။ တစ်ယောက်တစ်ယောက်ကို မိနစ် ၂၀၊ နာရီဝက်ဆိုတော့ ပိတ်တဲ့သဘောပေါ့။ အကြာကြီးတော့မဟုတ်ဘူး "လို့ ပဲခူး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ရွှေ ကပြောပါတယ်။

လက်ရှိမှာ တော့ ကရင်၊ မွန် ၊တနင်္သာရီ တိုင်းဒေသကြီးကိုလည််း ကုန်တင်ယာဉ်တွေမှအပ ခရီးသည်တင်ကား၊ အိမ်စီးကား၊ လူစီးအငှားယာဉ်တွေကို့အောက်တိုဘာ ၄ ရက်နေ့ကစပြီး ပဲခူးတိုင်းအတွင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ပြီဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က