ပိုးတွေ့ဝန်ထမ်းအိမ်ရာကို လော့ခ်ဒေါင်း လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ယာဉ်တန်းလုံခြုံရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ၎င်းရဲ့မိသားစုအစိုးရအဖွဲ့ ရုံးဝန်းထဲက လူလေးဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

"ပထမ ရဲတစ်ယောက်တွေ့တယ်။ နောက်ထပ် သူနဲ့ထိတွေ့တဲ့မိသားစုဆိုပြီး ၈ယောက်ကိုထပ်စစ်တော့လေးယောက်တွေ့တယ်။ ငါးယောက်ဖြစ်သွားတာပေါ့။ ဝန်ထမ်းတွေနေတဲ့နေရာပေါ့၊ နဂိုကခေါ်တာ သမ္မတအိမ်ရာဝန်းပေါ့။ အဲ့အထဲမှာကလွှတ်တော်ဝန်း၊အစိုးရဝန်း၊ သမ္မတအိမ်တော်ဝန်း ဆိုပြီးရှိတယ်။ အခုဖြစ်တာက သမ္မတအိမ်တော်ဝန်း ဝန်ထမ်းအိမ်ယာမှာနေတဲ့မိသားစုကဖြစ်တာ။ အိမ်ယာကိုပဲကန့်သတ်ထားတယ်။ပိုးတွေ့ ငါးဦးကို positive စင်တာကိုပို့ထားတယ်။ ပိုးမတွေ့သူကိုတော့ Negative စင်တာကိုပို့ထားတယ်"လို့ဒဂုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်ကပြောပါတယ်။ လက်ရှိမှာ တိုင်းအစိုးရအဖွဲ့ ရုံးကို ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့မနက်ပိုင်းကနေစပြီး အဝင်အထွက် ကန့်သတ်လိုက်ထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ အရာရှိတစ်ဦးကပြောပါတယ်။



"ဒီမနက်မှ စပြီးလုပ်တာ။ အပြင်ရောက်နေတဲ့သူတွေလဲ အထဲကိုဝင်လို့မရဘူး။အထဲကသူတွေလည်း အပြင်ထွက်လို့မရဘူး လုံခြုံရေးလည်း တင်းကျပ်ထားတယ်။ ပစ္စည်းပေးချင်ရင် ဂိတ်လာပေးပေါ့။ အဝင်အထွက်ကန့်သတ်ထားတယ်။ ဝင်ရင်အထက်ကိုလည်းသတင်းပို့ရတယ်။ ကျွန်တော်တို့လည်း အပြင်မှာပဲ နေရတယ်။"လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ တိုင်းအစိုးရအဖွဲ့ရုံးထဲမှာ တွေ့ရှိတဲ့ ကိုဗစ်အတည်ပြုလူနာငါးဦးနဲ့ထိတွေ့တဲ့ Primary Contact တွေကိုသာ အဓိကစစ်ဆေးနေပြီး အစိုးရအဖွဲ့ ရုံးတစ်ခုလုံးကိုစစ်ဆေးဖို့တော့မရှိသေးဘူးလို့ ဒဂုံမြို့နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

အစိုးရအဖွဲ့ရုံး အဝင်အထွက် ကန့်သတ်မှုနဲ့ပတ်သက်ပြီး ဒဂုံမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက "မနက်က လွှတ်တော် ကဖုန်းဆက်တယ်။ ဦးကျော်ဇေယျမေးထားတဲ့ကြယ်ပွင့်ပြမေးခွန်း ရွှေပိတောက်ငါးဈေးကိစ္စစာနဲ့ဖြေထားတယ်ဆိုလို့သွားယူခိုင်းတော့အထဲ ဝင်လို့မရတော့ဘူးလို့သိရတယ်။ ဒါနဲ့ မေးတော့ ရဲ တပ်သားတစ်ဦး၊ အပါအဝင် ငါးဦးတွေ့တယ်လို့သိရတယ်။ ပိုးတွေ့လို့ အစိုးရအဖွဲ့ရုံးကအိမ်တော်ထိန်း ဝန်ထမ်းဝန်းထဲမှာ ဝန်ထမ်းလိုင်းတွေရှိတယ်။သံသယရှိလို့ စစ်လိုက်တော့တွေ့တယ်။"လို့ ပြောပါတယ်။ ဒဂုံမြို့နယ် ကျန်းမာ ရေးဦးစီးဌာန တာဝန်ရှိသူကတော့ အစိုးရအဖွဲ့ ရုံးကို အသွားအလာကန့်သတ် ထားခြင်းမရှိဘဲ ပိုးတွေ့ဝန်ထမ်းအိမ်ရာကို လော့ခ်ဒေါင်း လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က