လက်ရှိမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် တိုးချဲ့ပြင်ဆင်နေပါတယ်။

ကိုဗစ်အရေးပေါ်အခြေအနေတွေအတွက် မန္တလေးက အကုန် အဆင်သင့်ပြင်ဆင်ထားပြီး ပြည်သူတွေ စည်းကမ်းမလိုက်နာရင်တော့ ကိုဗစ်ကို ထိန်းချုပ်ရတာ အချိန်နည်းနည်းကြာမြင့်မယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အသိပေးပြောကြားလိုက်ပါတယ်။

အောက်တိုဘာ (၆) ရက်ညပိုင်းက သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ပြောကြားထားခဲ့တာပါ။

မန္တလေးတိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ တွေ့ရှိမှုတိုးလာတာကြောင့် မန္တလေးတိုင်းရင်းဆေးရုံကို ကွာရန်တင်းနေရာထားဖို့ ပြင်ဆင်နေပြီး မန္တလေးတိုင်းအတွင်း အောက်တိုဘာ (၅) ရက် ညအထိ ပိုးတွေ့လူနာ (၄၈၀) ဦးရှိနေကာ အများစုကတော့ ရန်ကုန်ပြန်တွေ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။



ဒါ့အပြင် ကုန်စည်စီးဆင်းစေနိုင်ဖို့ နှစ်တန်အထက် ကုန်တင်ယာဉ်တွေက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ရောဂါ ရှိ၊မရှိ Rapid Test Kit နဲ့ စစ်ဆေးဆောင်ရွက်နေပြီး အဲ့ဒီထဲက ရောဂါပိုး တွေ့သူတွေကို သီးသန့်ထားဖို့လည်း စီမံနေတယ်လို့လည်း သိရပါတယ်။ ကုန်တင်ကားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း ကြေညာချက်ထားပြီး သူတို့ကို Rapid Test Kit တွေနဲ့ စစ်ဆေးဖို့ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းတွေ တိုးပြီး သင်တန်းပို့ချပေးမယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။ 

ဒါ့အပြင် မန္တလေးတိုင်းအတွင်း မြို့ဝင်၊ မြို့ထွက် နေရာ (၁၀) ခုမှာ စစ်ဆေးနေပြီး လိုအပ်ပါက ဂိတ်တွေတိုးချဲ့ မယ့် အခြေအနေ၊ တိုင်းအတွင်း Quararitine Center တွေထားရှိနေမှုနဲ့ လိုအပ်ချက်၊ ကုန်စည်စီးဆင်းမှု အတွက် ကိုဗစ်ကာကွယ်ရေးနဲ့ အညီ စနစ်တကျ ဆောင်ရွက်နေမှု၊ တိုင်းအတွင်း ပိုးတွေ့လူနာအခြေအနေနဲ့ Quarantine ထားရှိမှုတွေ၊ ကျန်းမာရေး ဝန်ထမ်းအင်အားအခြေအနေ ၊ Swab နမူနာတွေ မြန်မြန်ဆန်ဆန်ရယူနိုင်မယ့် လုပ်ငန်းတွေကို အောက်တိုဘာ (၆) ရက်မနက်ပိုင်းမှာ မန္တလေးတိုင်းကိုဗစ်-၁၉ ထိန်းချုပ်ကုသရေးဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေ စတင်ခဲ့တဲ့မတ်လကနေ အောက်တိုဘာ (၅) ရက်ညပိုင်းအထိ မန္တလေးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၄၉၅) ဦးရှိပြီး သေဆုံးသူ (၂) ဦးရှိနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က