အသား၊ ငါး၊ အသီးအရွက်ဒိုင်တွေ၊ ဈေးနေရာတွေ ထိရောက်စွာကိုင်တွယ်ဖို့ ဒေါက်တာမြင့်ထွေးကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဈေးက တစ်ဆင့်ကူးစက်တဲ့လူနာ အများအပြားတွေ့ရှိခဲ့ပြီး လက်ရှိမှာ ရောဂါကူးစက်မှုမြင့်မားနေတဲ့ ရန်ကုန်တိုင်းက ဈေးတွေမှာ စည်းကမ်းလိုက်နာမှုနည်းပါးနေတာတွေက အထူးစိုးရိမ်စရာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ (၆) ရက်နေ့မှာ ပြုလုပ်တဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေးတွေကို မြေပြင်မှာ ဆောင်ရွက်နေတဲ့ တိုင်း/ပြည်နယ် (၆) ခုကအခြေခံကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာပါ။ ဒါကြောင့် အသား၊ ငါး၊ အသီးအရွက်ဒိုင်တွေ၊ ဈေးနေရာတွေကို ပိုမိုထိရောက်စွာကိုင်တွယ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စည်ပင်ကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။



အထူးသဖြင့် ရန်ကုန်တိုင်းက အချို့မြို့နယ်တွေမှာ လူစုလူဝေးပြုလုပ်နေတာတွေ၊ ဈေးတွေမှာ (mask) ကို စနစ်တကျမတပ်ထားသူတွေနဲ့ လုံးဝကို မတပ်ဘဲ သွားလာနေတာတွေကို မြင်တွေ့နေရတယ်လို့လည်း ရန်ကုန်တိုင်းမှ ကျန်းမာရေးဝန်ထမ်းတွေကလည်း ဒီနေ့ အစည်းအဝေးမှာ တင်ပြခဲ့ကြပါတယ်။ လက်ရှိမှာ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေက သိကြပေမယ့် လိုက်နာဆောင်ရွက်တာတွေက အားနည်းနေသေးတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ လူနာနဲ့ထိတွေ့ခဲ့သူတွေကို ရှာဖွေထောက်လှမ်းရာမှာလည်း လူနာနဲ့ ထိတွေ့ခဲ့သူအချို့မှာ ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် အခက်အခဲတွေ ကြုံတွေ့ရတယ်လို့လည်း ကျန်းမာရေးဝန်ထမ်းတွေ က ဝန်ကြီးနဲ့ တွေ့ဆုံစဉ် တင်ပြပြောဆိုခဲ့ကြပါတယ်။

အသွားအလာကန့်သတ်ထားတဲ့နေရာတွေမှာလည်း ရုတ်တရက်ရောဂါလက္ခဏာပြလာသူတွေကို အရေးပေါ်ကုသမှုပေးနိုင်ဖို့ အောက်ဆီဂျင်တွေ လိုအပ်နေပြီး အောက်ဆီဂျင်တိုင်းတာတဲ့ Pulse Oximeter စက်တွေနဲ့ သွေးပေါင်ချိန်တိုင်းကိရိယာများ ထပ်မံလိုအပ်နေတဲ့အကြောင်း တိုင်းနဲ့ ပြည်နယ် (၆) ခုမှ အခြေခံကျန်းမာရေးဝန်ထမ်းတွေက လိုအပ်ချက်တွေကို ဒီနေ့ အစည်းအဝေးမှာတင်ပြခဲ့တာပါ။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အခုဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါဖြစ်စဉ်က အသွားအလာကန့်သတ်တဲ့နေရာတွေမှာ ရောဂါပိုးရှိနေသူတွေပါဝင်နေပြီး အခြားသူတွေကိုပါ ကူးစက်စေနိုင်တဲ့အခြေအနေကို ရောက်နေတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးသူတွေ၊ နာတာရှည်ရောဂါရှိသူတွေကိုတော့ သီးခြားထားရှိနိုင်ရန် ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က