Mask ဝယ်ဖို့ မတတ်နိုင်သူတွေအတွက်လည်း တပ်မတော်က လှူဒါန်းပေးသွားမယ်လို့ဆိုပါတယ်။

ကိုဗစ်-၁၉ ကုသရေးအတွက် အရပ်ဘက်ဆေးရုံတွေမှာ လိုအပ်တဲ့ အောက်ဆီဂျင်စက်တွေကို လှူဒါန်းသွားမှာဖြစ်ပြီး စားဝတ်နေရေးအခက်အခဲရှိတဲ့ ပြည်သူတွေအတွက်ပါ ဘယ်လိုနည်းလမ်းနဲ့ ကူညီဆောင်ရွက်မလဲဆိုတာတွေ လုပ်ဆောင်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောလိုက်ပါတယ်။



အောက်တိုဘာ (၆) ရက်က ပြုလုပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး နဲ့ လိုအပ်ချက်တွေ ဆောင်ရွက်ပေးနိုင်ရေးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ တပ်မတော်အနေနဲ့ အရပ်ဘက်ဆေးရုံတွေမှာ လိုအပ်နေတဲ့ အောက်ဆီဂျင်အိုးတွေကို လှူဒါန်းသွားမှာဖြစ်ပြီး အထူးသဖြင့် ရန်ကုန်ဆေးရုံကြီးအပါအဝင် ကိုဗစ်ကုသရေးဆေးရုံတွေကို လှူဒါန်းဖို့ ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

 “ အောက်ဆီဂျင်နှင့်ပတ်သက်လို့ တပ်မတော်မှာရှိတဲ့ အောက်ဆီဂျင်ထုတ်တဲ့စက်တွေကောင်းဖို့လိုမယ်။ အရပ်ဘက်မှာ လိုရင် အောက်ဆီဂျင်အိုးတွေ လှူဖို့လိုမယ်။ တောက်လျှောက် ပို့ပေးနေဖို့လိုမယ်။ ခုအရပ်ဘက်မှာ အောက်ဆီဂျင်အိုးမပေးနိုင်ဘူးပြောတယ်။ တော်တော်အသက်ရှူရခက်တဲ့လူတွေဘဲ အောက်ဆီဂျင်အိုးပေးနိုင်တယ်ဆိုပြီး Online မှာလျှောက်ရေးနေတာတွေ့တယ်။ ဟုတ်သည် မဟုတ်သည် မပြောလိုဘူး။ သို့သော် တပ်မတော်က အောက်ဆီဂျင်အိုးတွေ ပို့ပေးနိုင်ရင် အောက်ဆီဂျင်အိုးတွေ ပို့ပေးပါ။ ရန်ကုန်ဆေးရုံကြီးနဲ့ဆက်သွယ်။ ဒီမှာ အောက်ဆီဂျင်အိုးတွေရှိတယ်။ ကျွန်တော်တို့ပေးမယ်။ တပ်က ကားနဲ့သွားပို့ပေးလိုက်။ ရန်ကုန်ဆေးရုံကြီး၊ ကုတင်(၅၀၀)ဆေးရုံကြီးရှိမယ်။ ဒီလိုဘဲ နေပြည်တော်မှာ ရှိမယ်။ လိုလို့ရှိရင် ကားနဲ့ပို့မယ်။ အောက်ဆီဂျင် Plant တွေရှိမယ်။ ပြင်ဦးလွင်မှာရှိမယ်။ အောင်ပန်းမှာရှိမယ်။ ဒီလူတွေက အဆုတ်နဲ့ပတ်သက်ပြီး ဖြစ်တာများတယ်။ အသက်ရှူ ရခက်ခဲတယ်။ ဒီတော့ အောက်ဆီဂျင်ပေးဖို့လှူဖို့တော့ လိုလိမ့်မယ် ” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဒါ့အပြင် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတာတောင် Mask ဝယ်ဖို့ မတတ်နိုင်တဲ့သူတွေအတွက်လည်း တပ်မတော်က လှူဒါန်းပေးသွားမယ်လို့လည်း ဆက်ပြောပါတယ်။

တပ်မတော်အနေနဲ့ အတတ်နိုင်ဆုံးပြည်သူလူထုသောက မဖြစ်အောင် ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပြီး စားဝတ်နေရေးအခက်အခဲရှိနေတဲ့သူတွေကို အနည်းဆုံးတော့ ထမင်းစားလို့ အဆင်ပြေအောင် ဘယ်လိုနည်းလမ်းလဲ ကူညီဆောင်ရွက်မလဲဆိုတာကို စဉ်းစားမယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ဆိုပါတယ်။

“ စစ်မှုထမ်းဟောင်းတွေ ရဲမှုထမ်းဟောင်းတွေရှိတယ်၊ နောက်နိုင်ငံ့ဝန်ထမ်းတွေရှိတယ် ဒါတွေကို တို့ရေရှည် ဘယ်လောက်ပေးနိုင်သလဲ၊ ဒါလဲ တို့ကြည့်ရမယ်။ တပ်မတော်အနေနဲ့ တို့ပေးနိုင် သလောက်၊ တတ်နိုင်သလောက်တော့ မျှဝေခံစားပြီးအကုန်ပေးသွားမှာဘဲ။ စားရေးသောက်ရေးမှာ အခက်အခဲရှိနေတဲ့လူတွေကိုလည်းဘဲ အနည်းဆုံးလိုအပ်ချက်နဲ့ ထမင်းစားလို့အဆင်ပြေအောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ တို့စဉ်းစားဖို့လို လိမ့်မယ်၊ ဒီ COVID-19 ဟာ သာမန်အားဖြင့်တော့ ရောဂါကြောင့်ဖြစ်တယ်ဆိုပေမယ့် အခြားလူမှုစီးပွားကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာများစွာရှိတယ်။ သာမန်လေး ဒီရောဂါကာကွယ်ရေးလေးနဲ့ သွားစဉ်းစားလို့ မရဘူး။ အသက်မသေဖို့အတွက်တင် မဟုတ်ဘူး။ ရပ်တည်ဖို့အတွက်ပါ ငါတို့က စဉ်းစားရမှာဖြစ်တယ်။” လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးက နိုင်ငံ့အရေး၊ အမျိုးသားအရေးဖြစ်တဲ့အတွက် ရောဂါကူးစက်ခံထားရသူတွေကို အမြန်စိစစ်ပြီး အမြန်ဆုံးကုသမှုတွေလုပ်ဆောင်ကာ ထိရောက်စွာကာကွယ်ကြရမယ်လို့လည်း ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင်က ပြောကြားထားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က