အလုပ်သမားတွေကိုအစိုးရက လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။

လုပ်ခလစာလည်းမရရှိသလို အလုပ်ပိတ်ရက်အတွက် လူမှုဖူလုံရေးထောက်ပံ့ငွေလည်း မရရှိသေးတာကြောင့် အလုပ်သမားတွေမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့အပြင် အဆောင်ရှင်တွေရဲ့ဖိအားပေးမှုကိုပါရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့ကြောင့်အလုပ်သမားတွေရဲ့အခက်အခဲကိုဖြေရှင်းရန်အတွက်လုပ်ငန်းရှင်ဘက်ကနေလုပ်ခလစာထုတ်ပေးဖို့ အစိုးရအနေနဲ့ညွှန်ကြားချက် အမြန်ဆုံး ထုတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အနေနဲ့ ရန်ကုန်တိုင်းအစိုးရ ၊အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တရားဝင်စာတင်တောင်းဆိုထားတယ်လို့သိရပါတယ်။



"တချို့ဆို စက်တင်ဘာလ ၂၀ ရက်အထိလုပ်ခဲ့သူရှိတယ် တချို့ဆို ၂၃ ရက်အထိလုပ်ခဲ့သူရှိတယ်။အဲ့လုပ်အားခကို ဘယ်နေ့မှာထုတ်ရမယ်ဆိုတာမသိဘူး အဲ့ပြသာနာရင်ဆိုင်နေရတယ်။ အလုပ်မပိတ်ခင်ထဲကလစာပါမသွားပါဘူး။သူတို့က ဒီ ၅ ရက်မှာ လစာရဖို့မျှော်ထားပေမယ့်မရဘူး။ အဲ့တော့ လစာမပေးနိုင်ဘူး အဆောင်ပိုင်ရှင်တွေကဖိအားပေးတယ်။ ငွေအခံမရှိလို့ စားဖို့သောက်ဖို့ကို လည်း ပစ္စည်းတွေ ပေါင်နှံရောင်းချနေရတယ်။ စိတ်ဓာတ်ကျနေတယ် စိုးရိမ်ပူပန်မှုတွေရှိနေတယ်။"လို့ CTUM ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးကပြောပါတယ်။

ဒါကြောင့် အဆောင်ပိုင်ရှင်၊အငှားအိမ်ယာ၊ အိမ်ပိုင်ရှင် တွေအနေနဲ့လည်း စက်တင်ဘာလအတွက် အိမ်ငှါးခမပေးနိုင်သေးတဲ့အလုပ်သမားတွေကို အဆောင်မှ ထွက်ခွာရန် အဓမ္မဖိအားပေးခြင်းတွေမလုပ်ဆောင်ဘဲ၊ အလုပ်သမားတွေလုပ်ခလစာထုတ်ယူပြီးချိန်အထိ ခေတ္တစောင့်ဆိုင်းပေးဖို့ လည်း တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ စက်ရုံ ၊အလုပ်ရုံ လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေအတွက်လုပ်ခလစာထုတ်ပေးဖို့ကို အစိုးရရဲ့ လမ်းညွှန်ချက်ကိုစောင့်နေကြသူရှိသလို တချို့လုပ်ငန်း ရှင်တွေကတော့ အလုပ်ပြန်ဖွင့်ရက် မှသာ လစာပေးဖို့ ပြောဆိုထားတာတွေရှိနေပါတယ်။

"လစာမထုတ်ပေးရဘူး။ မနက်ဖြန်ကိုတော့ အစိုးရက လစာထုတ်ဖို့ကြေငြာမယ်ပြောတယ်။ အလုပ်သမားအရေအတွက်ပေါ်မူတည်ပြီး တစ်နေ့တစ်နေ့ကိုဘယ်လောက်ဆိုပြိးပေါ့ လူစုလူဝေးမဖြစ်အောင် တစ်နေ့ကို လူ ၁၀၀ ဆိုပြီး စီစဉ်မယ်ပြောတယ်။ တစ်နေ့တည်းတော့ မပေးဘူး။" လို့ လိူင်သာယာစက်မှုဇုန် ၁၊၂၊ ၃၊၄၊၆၊၇စီမံခန့်ခွဲမှုရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းဆိုင်ကပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်း ကိုဗစ် ၁၉ ကူးစက်မှုမြင့်တက်နေဆဲဖြစ်တာကြောင့် ကုန်ကြမ်းယူ ၊ ကုန်ချောပေးဆောင်ရွက်နေတဲ့ လက်ခစား (CMP) စက်ရုံအလုပ်ရုံတွေ ကို အောက်တိုဘာ လ ၂၁ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနာက ထုတ်ပြန်ပြောဆိုထားပါတယ်။ ကိုဗစ်ကြောင့်စက်ရုံ အလုပ်ရုံတွေရပ်ခဲ့ရချိန်မှာအလုပ်သမားတွေကိုအစိုးရက လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က