တစ်ပြည်ကို တစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းပေးနေတာပါ။

နိုင်ငံတော်အရေးပေါ် ရိက္ခာဆန်တွေကို တစ်ပြည်ကို တစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချပေးတဲ့အစီအစဉ်ကို မန္တလေးမြို့မှာ စတင်လုပ်ဆောင်နေပြီး အများပြည်သူတွေ ဝယ်လိုသလောက် ရောင်းချပေးသွားဖို့ စီစဉ်ထားတယ်လို့ မန္တလေးတိုင်း၊ ဆန်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဌေးလွင်က Duwun ကိုပြောပါတယ်။

မူလက တစ်ဦးကို တစ်ပြည်ကနေ ၆ ပြည်အထိ သာရောင်းချပေးဖို့ သတ်မှတ်ပေးထားပေမယ့် ပြည်သူတွေ အပြင်ထွက်ဖို့ အခက်အခဲရှိနေချိန်မှာ ဝယ်လိုသူတွေဘက်က တောင်းဆိုလာတာကြောင့် လိုသလောက် ထုတ်ရောင်းပေးလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။



"အစတုန်းကတော့ တစ်ပြည်ကနေ ၆ ပြည်အထိရောင်းပေးတာပါ။ ရောင်းပေးရင်း ဝယ်သူတွေက Stay Home ကာလမှာ သွားရေးလာရေးခက်တယ်ဆိုတော့ ထွက်လို့ရတုန်းလေး (၁၂) ပြည်ရောင်းပေးပါ၊ ပြည် (၂၀) ရောင်းပေးပါ။ တစ်အိတ်ရောင်းပေးပါလို့ ပြောလာတာနဲ့ တစ်ပြည်ကစပြီး ကြိုက်သလောက်ဝယ်ဆိုပြီး လုပ်ပေးလိုက်ရပါတယ်” လို့ ဦးဌေးလွင်က ပြောပါတယ်။

ရောင်းချပေးသွားမယ်ဆန်အမျိုးအစားကတော့ ပုံမှန်အပြင်ပေါက်ဈေး (၁၂၀၀) ကျပ် ဝန်းကျင်ရှိတဲ့ဧည့်မထဆန်ဖြစ်ပြီး မန္တလေးဆန်စပါးကုန်စည်ဒိုင်၊ မန္တလေးတိုင်း စားသုံးသူရေးရာဦးစီးဌာနနဲ့ မန္တလေးတိုင်း ဆန်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းစီစဉ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

"အခုကတော့ တစ်ပြည်ကနေတစ်အိတ်အထိ ရောင်းပေးနေရတယ်။ အခုဆိုရင် အမရပူရတို့ ဘာတို့ကနေလည်းဆက်သွယ်လာပြီ။ သူတို့ဆီလည်း လာရောင်းပေးဖို့ပေါ့။ ပြည်သူကအမှန်တကယ်လိုအပ်နေတယ်ဆိုရင် အဲဒီလိုအပ်နေတဲ့အရပ်ကို ကျွန်တော်တို့မရောက်ရောက်အောင်သွားရောင်းပေးမယ်" လို့လည်း ဆန်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဌေးလွင်က Duwun ကိုပြောခဲ့ပါတယ်။

အရေးပေါ်ရိက္ခာဆန်တွေကို မန္တလေးခရိုင် (၇) မြို့နယ်ရှိ ဆန်လက်လီအရောင်းဆိုင် (၃၇) ဆိုင်မှာဝယ်ယူနိုင်ပြီး ကားတွေနဲ့လည်း လှည့်လည် ရောင်းချပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က