စည်းမျဉ်းချိုးဖောက်သူတွေကို အရေးယူရာမှာ ပြစ်မှုပြစ်ဒဏ်မမျှတမှုတွေ ရှိနေဟုဆို

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လူ (၂၀၀၀) နီးပါး တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကသတင်းထုတ်ပြန်လိုက်ပါတယ်။

ကွာရန်တင်းစင်တာတွေမှာ နေထိုင်စဉ် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှု မရှိခြင်း၊ သတ်မှတ်ထားတဲ့အမိန့်တွေကို ချိုးဖောက်ခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ၂၆၊ ၂၉၊ ၃၀(က) နဲ့ တရားစွဲဆိုခံရသူ (၃၀၉) ဦးရှိပြီး ဥပဒေပုဒ်မ ၂၆၊ ၂၉ နဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ (၁) ဦး ရှိတယ်လို့ သိရပါတယ်။



ကိုဗစ်ကပ်ရောဂါကာလမှာ စည်းမျဉ်းချိုးဖောက်သူတွေကို အရေးယူရာမှာ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတ မှုတွေ ရှိနေပြီး ဖမ်းဆီးထောင်ချမှုတွေကြောင့်လည်း အကျဉ်းထောင်အတွင်းမှာ လူတွေ များပြားနေပြီး မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ဝေဖန်ထောက်ပြပြောဆိုပါတယ်။

“ ကိုဗစ်ကာလမှာ အဖမ်းခံရတဲ့သူတွေဆိုရင် ထောင်ကျပြီး ထောင်ရောက်လာတဲ့အခါ ထောင်က သူတို့ကိုကွာရန်တင်းထားရတယ်။ ထောင်ထဲမှာထားစရာမရှိတော့ ထောင်အပြင်ဘက် ရိပ်သာ၊ ဓမ္မာရုံတု့ိ ဒီလိုနေရာတွေမှာထားရတယ်။ ထားတဲ့အခါ လုံခြုံရေးတွေက လိုတယ်။အရင်ကတည်းကမှ အကျဉ်းထောင်မှာ ထောင်ဝန်ထမ်းအင်အားမလုံလောက်ဘူး။ ဒီလို ထပ်လုပ်တော့ လုံခြုံရေးလျော့လျဲမှုတွေဖြစ်တယ်။ “ လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရန်ကုန်တာဝန်ခံ ကိုအောင်မျိုးကျော်က ဆိုပါတယ်။

တစ်ချို့ စည်းမျဉ်းချိုးဖောက်မှုတွေကို ဒဏ်ငွေရိုက်တာ၊ လူမှုရေးပြစ်ဒဏ်ပေးတာ စသဖြင့် အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်သင့်ကြောင်း ၊ မလိုအပ်ဘဲ ထောင်ချတာတွေက အစိုးရအနေနဲ့ မလိုအပ်တဲ့ ဘက်ဂျက်တွေ သုံးစွဲလိုက်ရတာမျိုး မဖြစ်စေချင်ကြောင်း ကိုအောင်မျိုးကျော်က ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလအတွင်း ညမထွက်ရအမိန့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခံရသူကတော့ တစ်နိုင်ငံလုံးမှာ (၁၀၀၆) ဦးရှိပြီး၊ ပြစ်ဒဏ်ချမှတ်ခံရသူက (၁၀၄) ဦးရှိတယ်လို့ (AAPP) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိတာကြောင့် ကူးစက်ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ (၁၅) နဲ့ တရားစွဲဆိုခံရသူက (၃၅၀) ဦးရှိပြီး အပြစ်ပေးအရေးယူခံထားရသူ (၁၂၀) ဦး ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄/၁၁၄ အရ တရားစွဲဆိုခံရသူ (၄) ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ တရားစွဲဆိုခြင်းခံရသူ (၁) ဦးနဲ့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁) နဲ့ တရားစွဲဆိုခြင်းခံရသူ (၇) ဦး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)အနေနဲ့ ကိုဗစ်ကာလအတွင်း ဖြစ်ပွားတဲ့ အမှုတွေကို ဧပြီကစတင်ကာ ထုတ်ပြန်ပေးနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က