သံဃာတော်တွေအားလုံး ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါ အစုလိုက်ကူးစက်ခံရတဲ့ အင်းစိန်ရွာမ ပရိယတ္တိစာသင်ကျောင်းတိုက်က သံဃာ အပါး (၃၅၀) နဲ့ လူပုဂ္ဂိုလ် (၃) ဦး ဒီကနေ့ အောက်တိုဘာ (၉) ရက်မှာ ဆေးရုံက ပြန်လည်ဆင်းခွင့်ရခဲ့ပြီး ကျောင်းတိုက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။

အဆိုပါ ကျောင်းတိုက်မှာ ဒီနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ သံဃာ (၄၀၅) ပါးရှိပြီး ဆေးရုံတွေမှာ ကုသမှုခံယူနေတဲ့ သံဃာ အပါး (၅၀) ကျော်လောက်တော့ ကျန်ရှိနေသေးတယ်လို့ အင်းစိန်ရွာပရိယတ္တိစာသင်ကျောင်းတိုက်မှ စာချနာယကဆရာတော် ဦးဂန္ဓသာရာလင်္ကာရက Duwun ကိုမိန့်ကြားခဲ့ပါတယ်။ 



“ အခုဆေးရုံက ဆင်းလာတဲ့သံဃာတော်တွေကို အဆောင်သီးသန့် ထားပေးထားပါတယ်။ သံဃာတော်တွေအားလုံးလည်း ကျန်းမာရေးအခြေအနေကောင်းကြပါတယ်။ “လို့ မိန့်ကြားပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ သံဃာတော်တွေကိုတော့ အင်းစိန်သာသနာ့ဗိမာန်နဲ့ မှော်ဘီ တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ ကုသမှုပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- သံဃာတော်များ ကျောင်းတိုက်ကို ပြန်လည်ရောက်ရှိလာစဉ်

လက်ရှိ ကျောင်းတိုက်အတွင်း ကိုဗစ်မကူးစက်ခံရတဲ့ သံဃာတော် အပါး (၁၂၀)၊ ကျောင်းသား (၃၈) ဦး ရှိပြီး ကျောင်းရဲ့ မြောက်ဘက်ခြမ်းက အဆောင်တွေမှာ ထားရှိထားတယ်လို့လည်း စာချဆရာတော်က မိန့်ကြားပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်ကျောင်းတိုက်မှာ သီတင်းသုံးကြတဲ့ စာသင်သားသံဃာတော်တွေဟာ အပြင်ကို ကြွလိုပါက ဆရာတော်တွေကို ခွင့်ပန်ရတာဖြစ်ပြီး ဒီရက်ပိုင်းတွေမှာ အပြင်သွားလာတာမျိုးမရှိသလို ကျောင်းတိုက်အတွင်းကို အခြားအဝင်အထွက်တွေလည်း မရှိတာကြောင့် ဘယ်ကနေ ကူးစက်လာသလဲဆိုတာကို မခန့်မှန်းနိုင်ဘူးလို့လည်း ဆရာတော်က မိန့်ပါတယ်။

အောက်တိုဘာလ (၈) ရက်နေ့အထိ စာရင်းတွေ အရ ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ သံဃာ အပါး (၄၅၀) ကျော်ရှိနေပြီး အင်းစိန်ရွာမ ပရိယတ္တိစာသင်ကျောင်းတိုက်က (၄၀၅) ပါးနဲ့ ပန်းဘဲတန်းမြို့နယ်မဟာသိမ်တော်ကြီး ကျောင်းတိုက်က သံဃာအပါး (၇၆)ပါး ပါဝင်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က