အဆင့်ဆင့်ညွှန်ကြားချက်မရတာကြောင့် ချက်ချင်းပြန်ဖွင့်နိုင်ဖို့ လုပ်ငန်းရှင်တစ်ချို့အခက်တွေ့နေပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အဆင့် (A) ရအောင် ပြင်ဆင်ထားတဲ့ (CMP) စက်ရုံ၊ အလုပ်ရုံတွေ၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေကို အောက်တိုဘာ (၁၂) ရက်နေ့ကစပြီး ပြန်လည်လုပ်ကိုင်နိုင်ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး ညွန်ကြားချက်တွေကို လိုက်နာ ဆောင်ရွက်ထားခြင်းရှိ၊မရှိ တိုင်းအစိုးရအဖွဲ့ စနစ်တကျ ကြီးကြပ်စစ်ဆေးပြီးတဲ့နောက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ ကြေညာချက်ကို အောက်တိုဘာ (၁၀) ရက်ညပိုင်းက ထုတ်ပြန်ထားခဲ့တာဖြစ်ပေမယ့် လုပ်ငန်းပြန်လည်ဖွင့်လှစ်မယ့် လုပ်ငန်းရှင်တွေဆီ အဆင့်ဆင့်ညွန်ကြားချက်မရှိတာကြောင့် စက်ရုံလုပ်ငန်းရှင်တွေအချို့ အခက်အခဲတစ်ချို့ကြုံနေရတယ်လို့လည်း သိရပါတယ်။



“ မနေ့က စာထွက်တာ အွန်လိုင်းမှာ တွေ့တယ်။ ဒါပေမယ့် ဝန်ကြီးလက်မှတ်မပါဘူး။ ထုတ်ပြန်တာက မှန်လား မှားလား မသိနိုင်ဘူးပေါ့နော်။ ကျွန်မတို့ဆီကိုတော့ တိုက်ရိုက်ညွန်ကြားလာတာမျိုးမရှိသေးဘူး။ ဒါပေမယ့် မနက်ဖန် ဖွင့်ခွင့်ရမှာကို ဒီနေ့မှ ကြေညာတာကတော့ ကျွန်မတို့ အတွက် ပြင်ဆင်ချိန် မရဘူး။ ဖွင့်ခွင့်ရမယ်ဆိုတော့ တနင်္လာနေ့ (အောက်တိုဘာ ၁၂) ရက်နေ့ ချက်ချင်းဖွင့်နိုင်သေးမှာမဟုတ်ဘူးပေါ့။ ရောဂါကာကွယ်ရေးနဲ့ပတ်သက်ပြီး အစကတည်းက စက်ရုံ၊အလုပ်ရုံတွေက ပြင်ဆင်ပြီးသားပါ။ ဒါပေမယ့် အသေးစိတ် ပြန်လုပ်ဖို့ကတော့ ရှိနိုင်တာပေါ့” လို့ ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မနှင်းသက်မွန်က Duwun ကိုပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်မားနေတဲ့ ရန်ကုန်တိုင်းကို စက်တင်ဘာ (၂၀) ရက်က စပြီး နေအိမ်မှာနေထိုင်ဖို့ အမိန့်ထုတ်ပြန်ရာမှာ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊အလုပ်ရုံ တာဝန်ထမ်းဆောင်မယ့်သူတွေကို အောက်တိုဘာ (၂၁) ရက်အထိ လုပ်ငန်းခွင်မသွားဖို့ ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။

သို့သော် ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်သလို အလုပ်သမားတွေရဲ့ အလုပ်အကိုင် မဆုံးရှုံးစေရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကိုထိန်းညှိဆောင်ရွက်ပြီး ပြန်လည်ဖွင့်လှစ်ဖို့ ကိုဗစ်-၁၉ ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က