တစ်နေ့ကို သံသယလူနာ တစ်ထောင်လောက်အထိ စစ်ဆေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ရန်ကုန်မြို့နေ ပြည်သူလူထုတွေအနေနဲ့ ဖျားနာခြင်း၊ အနံ့ပျောက်ခြင်းစတဲ့ ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာခံစားရပါက လာရောက်ပြသပြီး COVID-19 Rapid Diagnostic Test (RDT) နဲ့ စမ်းသပ်စစ်ဆေးနိုင်တော့မယ်လို့လည်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြေညာလိုက်ပါတယ်။

အဲဒီလို စမ်းသပ်စစ်ဆေးနိုင်ဖို့ အတွက် သုဝဏ္ဏကိုဗစ်စင်တာမှာ စစ်ဆေးမယ့်စင်တာ (Testing Center) တစ်ခုအဖြစ် တည်ဆောက်ပြင်ဆင်နေတာဖြစ်ပြီး လာမယ့် အောက်တိုဘာလ (၁၃) ရက်နေ့လောက်မှာ စတင်စစ်ဆေးနိုင်မယ်လို့ သုဝဏ္ဏကိုဗစ်စင်တာမှ ဆေးရုံအုပ် ဒေါက်တာ ကောင်းမြတ်စိုးက Duwun ကို ပြောပါတယ်။



တစ်နေ့ကို သံသယလူနာ တစ်ထောင်လောက်အထိ စစ်ဆေးနိုင်ဖို့ ရည်ရွယ်ထားပြီး လာရောက်စစ်ဆေးသူတွေထဲက ပိုးတွေ့ခဲ့တဲ့လူနာတွေကိုတော့ ကိုဗစ်ကုသရေးစင်တာတွေကို ပို့ဆောင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

“ မနေ့ကစပြီး စမ်းသပ်နေပြီ။ မနက်ဖန်လောက်ဆိုရင်တော့ ပြီးနိုင်မယ်။ တစ်နေ့ကို လူနာ တစ်ထောင်လောက်စစ်ဆေးပေးနိုင်ဖို့ မှန်းထားတယ်။ အခုဆို ဆေးရုံတွေမှာ လူနာတွေ ပြုံနေတယ်။ ဒါကြောင့် ဆေးရုံကိုပဲ သွားဖို့မလိုတဲ့ လူတွေအနေနဲ့ ဒီမှာ Test Kit နဲ့စစ်၊ ပိုးတွေ့ရင်တော့ ဒီသုဝဏ္ဏစင်တာမှာပဲဖြစ်ဖြစ် တခြား ကိုဗစ်စင်တာမှာ ထားတာဖြစ်ဖြစ် ချိတ်ဆက်စီစဉ်မှာပါ" လို့ သုဝဏ္ဏကိုဗစ်စင်တာမှ ဆေးရုံအုပ် ဒေါက်တာ ကောင်းမြတ်စိုးက ပြောပါတယ်။

စမ်းသပ်စစ်ဆေးလိုတဲ့ သံသယရှိလူနာတွေအနေနဲ့ ဖုန်း (သို့မဟုတ်) အွန်လိုင်းကတစ်ဆင့် ကြိုတင် စာရင်းပေးသွင်းရမှာဖြစ်ပြီး လူနာနံပါတ်တစ်ခု ကြိုတင်ရယူထားရမယ်လို့လည်း သိရပါတယ်။ လူနာရဲ့ အခြေအနေပေါ်မူတည်ကာ လာရောက်ပြသစစ်ဆေးမယ့် နေ့ရက်၊ အချိန်ကို တစ်ပါတည်းသတ်မှတ်ပေးထားမယ်လို့လည်း  သိရပါတယ်။

လူနာများ လာရောက်ပြသချိန်မှာ Test Kit စစ်ဆေးဖို့ လိုအပ်ပါက ချက်ချင်းစစ်ဆေးပြီး ဓာတ်ခွဲအဖြေပေါ်မူတည်ကာ ဆက်လက်ကုသခြင်း၊ ကွာရန်တင်းထားခြင်းတွေ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ ဒီလို စမ်းသပ်စစ်ဆေးနိုင်ဖို့ လုပ်ငန်းတွေအတွက် ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ သုဝဏ္ဏကိုဗစ်စင်တာတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်များအသင်း၊ ပုဂ္ဂလိကဆေးရုံတွေက ဆရာဝန်တွေကလည်း စတနာ့ဝန်ထမ်းအဖြစ် လာရောက်စစ်ဆေးပေးမှာဖြစ်ကာ စုစုပေါင်း လူအင်အား (၄၀) ခန့် ပါဝင်ဆောင်ရွက်ပေးသွားမယ်လို့လည်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က