ပိုးတွေ့သူတွေမှာ ရောဂါလက္ခဏာမပြဘူးလို့လည်းသိရပါတယ်။

ဗိုလ်တထောင်မြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးတာဝန်ယူဆောင်ရွက်ဖို့ အတွက် စခန်းသွင်းလေ့ကျင့်နေတဲ့ အထူးရဲ (၃၈) ဦးအနက် (၁၁) ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ပိုးတွေ့ (၁၁) ဦးထဲမှာ (၃) ဦးက အထူးရဲတွေကို သင်တန်းပေးနေတဲ့ ဗိုလ်တထောင်မြို့နယ်က ဒုရဲအုပ် နှစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦး တို့ ဖြစ်ကြတယ်လို့ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်မေစိုးထံက သိရပါတယ်။



“ ရွေးကောက်ပွဲအတွက် အထူးရဲတွေကို သင်တန်းပေးဖို့ ဆိုပြီး သင်တန်းဆရာတွေကိုရော၊ သင်တန်းသားတွေရောကို တစ်နေရာတည်းမှာပဲ Camp ထားလိုက်တယ်။ ပြီးတော့ Swab စစ်လိုက်တော့ ၁၁ ယောက်မှာ ပိုးတွေ့တာပေါ့။ ၁၁ ဦးထဲမှာ ၃ ဦးက ဗိုလ်တထောင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေပါ” လို့ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်မေစိုးက Duwun ကိုပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲနေ့အတွက် ဗိုလ်တထောင်မြို့နယ်က မဲရုံတွေမှာ လုံခြုံရေးအတွက် အထူးရဲအဖြစ် တာဝန်ယူဆောင်ရွက်ပေးဖို့ စိတ်ဝင်စားသူ (၃၅) ဦးနဲ့ သင်တန်းပေးဖို့ ဗိုလ်တထောင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် (၃) ဦး စုစုပေါင်း (၃၈) ဦးကို ဗိုလ်တထောင် အ.ထ.က (၃) မှာ သီးခြားထားရှိထားတာဖြစ်ပါတယ်။

“ ရွေးကောက်ပွဲအတွက် အထူးရဲတွေကို စခန်းသွင်းလေ့ကျင့်ပေးပြီး ကိုဗစ်ပိုးစစ်ဆေးပေးရတာပါ။ ပိုးတွေ့တဲ့လူနာတွေက ဘာရောဂါလက္ခဏာမှလည်းမပြဘူး။ အကုန်လုံးပုံမှန်ပါပဲ။ ကျန်းမာရေးအခြေအနေလည်းကောင်းမွန်ပါတယ်” လို့ ဒေါ်မေးစိုးကဆက်ပြောပါတယ်။ အဲဒီနောက် အဆိုပါ (၃၈) ဦးစလုံးကို ကိုဗစ်-၁၉ ပိုး ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ (၁၀) ရက်ည (၈) နာရီထုတ်ပြန်ချက်အရ (၁၁) ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ရွေးကောက်ပွဲအတွက်အထူးရဲတွေကို လေ့ကျင့်ပေးတဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါရှိ/မရှိကို အမြန်သိနိုင်တဲ့ Test Kit တွေ အသုံးပြုပြီး စစ်ဆေးပေးနေတယ်လို့လည်း ပြီးခဲ့တဲ့အောက်တိုဘာ (၅) ရက်က ပြုလုပ်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က