သေဆုံးသူနဲ့အလုပ်အတူလုပ်ခဲ့သူ အားလုံးမှာတော့ ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။

အောက်တိုဘာလ(၇)ရက်နေ့က နေပြည်တော်မှာ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးခဲ့သူကို ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာ အဆိုပါသေဆုံးသူမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ 

သေဆုံးခဲ့သူ မိသားစုဝင်တွေကိုလည်း ရောဂါပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာမှာလည်း (၂)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 



“ဟုတ်ပါတယ်။ သေဆုံးသူနဲ့ အတူနေ မိသားစုဝင် နှစ်ဦးမှာထပ်တွေ့တာပါ။ သေဆုံးသူက ရေသန့်စက်ရုံလူဆိုတော့ သူနဲ့ထိတွေ့ထားတဲ့ ဝန်ထမ်းတွေနဲ့ ဆိုက်ကယ် Accidentဖြစ်တော့ လိုက်ပို့တဲ့သူတွေအားလုံးပိုလည်းစစ်တယ်။သူတို့ကတော့ တစ်ယောက်မှ ရောဂါပိုးမတွေ့ဘူး”လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။

သေဆုံးသူခဲ့သူက ရေသန့်စက်ရုံတစ်ခုမှာ ယာဉ်မောင်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ သူအလုပ်လုပ်တဲ့ ရေသန့်စက်ရုံကိုတော့ ယာယီပိတ်ထားပြီးဝန်ထမ်းတွေကို ဒီရက်ပိုင်း အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ အခြားရောဂါအခံနဲ့သေဆုံးသူတွေ မတော်တဆမှုတွေနဲ့သေဆုံးသူတွေမှာ ကိုဗစ်-၁၉ပိုးတွေ့ရှိမှုဖြစ်စဉ်တွေဖြစ်ပွားနေတဲ့အတွက် လေထုထဲမှာ ပျံ့နှံ့မှုအတန်အသင့်ရှိနေတယ်လို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက သုံးသပ်ထားကြပါတယ်။ လက်ရှိ နေပြည်တော်မှာက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၂၅)ဦး ရှိပြီး သေဆုံးသူ (၄)ဦးရှိတယ်လို့ နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှသိရပါတယ်။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က