ပြည်သူတွေ မိမိတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့အဓိကဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

ကိုဗစ်ကုသရေးမှာ အသုံးပြုနေတဲ့ Remidesivir ဆေးကို ရောဂါပြင်းထန်တဲ့လူနာတွေအတွက် အဓိထားသုံးစွဲတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အဆိုပါဆေးက လူနာ ထောင်ဂဏန်းခန့်အတွက်သာ သုံးနိုင်သေးတာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ (၁၂) ရက်က ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးဆေးလို့ ဆိုရမယ့် Remidesivir ဆေးဟာ မြန်မာနိုင်ငံမှာ များများစားစားမရှိသေးသလို ဒီဆေးက ဘယ်လိုပဲစွမ်းစွမ်း ၁၀၀ ရာခိုင်နှုန်း အာမခံတယ်လို့ ပြောလို့မရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ အဓိကဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။



“ ကျွန်မတို့မှာရှိတဲ့နှုန်းဟာ ထောင်ဂဏန်းလောက်အတွက်သာ သုံးနိုင်မှာဖြစ်တယ်။ ဒီဆေးက ဘယ်လိုပဲ စွမ်းစွမ်း ၁၀၀ ရာခိုင်နှုန်းအာမခံချက်မရှိပါဘူး။ အခုအခြေအနေမှာလည်း ရောဂါကူးစက်သူ ၁၀၀ ရာခိုင်နှုန်းအတွက် သုံးပေးနိုင်တဲ့အခြေအနေလည်းမရှိပါဘူး။ တတ်နိုင်သမျှထပ်ပြီးရအောင်တော့လုပ်ပေးပါမယ်။ နောက်ဆုံးကျတော့ ပြည်သူတွေက ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ အဓိကပါပဲ” လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။

ရောဂါပြန့်ပွားမှုတွေကိုကြည့်လိုက်မယ်ဆိုရင်လည်း ရပ်ထဲ၊ရွာထဲမှာ ဖြစ်နေပြီး အထူးသဖြင့် သွားလာနေကြတဲ့ လူတွေကြားထဲမှာ ပြန့်ပွားမှုတွေ ဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်းရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ရောဂါကူးစက်ပြန့်ပွားမှုနည်းသေးတယ်လို့ ပြောလို့မရသေးတာကြောင့် ရန်ကုန်တိုင်းက ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံသတိပေးပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ အောက်တိုဘာ (၁၂) ရက် ညပိုင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာသစ် ၁,၃၄၄ ဦးတိုးလာပြီး ဆေးရုံဆင်းခွင့်ရသူ ၅၁၈ ဦးနဲ့ သေဆုံးလူနာသစ် ၁၈ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ပိုးတွေ့လူနာ ၂၉,၃၁၄ ဦး၊ သေဆုံးသူ ၆၆၄ ဦးနဲ့ လက်ရှိလူနာ ၁၈,၃၉၀ ရှိနေပါတယ်။

Share

Loading Next Article...
က္က