ကိုဗစ်- ၁၉ စစ်ဆေးမှုတွေလည်း လုပ်ဆောင်ပေးနေပါတယ်။
Ei Ei Htun

ကိုဗစ် ဒုတိယလှိုင်းမှာ ရန်ကုန်တိုင်းအတွင်းရောဂါပိုးကူးစက်မှုပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းအတွင်းအဝင်အထွက်တွေကို သယ်ယူပို့ဆောင်ရေးကုန်တင်ယာဉ်တွေကလွဲပြီး ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ အဝင်အထွက်တွေကိုပြန်လည်ခွင့်ပြုခဲ့ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းက ရန်ကုန်အဝင်၊အထွက်ဂိတ်မှာ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေတည်ဆောက်ပြီး ကိုဗစ်ရောဂါပိုး ရှိ၊မရှိကိုပါ တစ်ခါတည်းစစ်ဆေးဆောင်ရွက်ပေးနေတာပါ။

ဒီကနေ့ အောက်တိုဘာလ (၁၃)ရက်နေ့ကစပြီး အိမ်စီးယာဉ်၊ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေအားလုံးမှာ ကိုဗစ်ရောဂါကင်းရှင်းကြောင်းထောက်ခံချက်ပါရှိပါက သွားခွင့်ပြုပြီး မပါတဲ့သူတွေကိုလည်း Test kitတွေနဲ့ စစ်ဆေးကာ ရောဂါကင်းစင်ပါက ဆက်လက်သွားခွင့်ပြုနေတာဖြစ်ပါတယ်။

“ ဒီနေ့ကစပြီးဆောင်ရွက်တာပါ။ ရန်ကုန် အဝင်အထွက်ဂိတ်တွေမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးတဲ့ ကျန်းမာရေးဂိတ်တွေတည်ဆောက်ပြီး လုပ်ပေးနေတာပါ။ ရန်ကုန် -မန္တလေး အမြန်လမ်းအသုံးသွားလာသူအားလုံးကို စစ်ပေးမှာပေါ့။ ကိုဗစ်ပိုးမရှိဘူးဆို ဆက်ပြီးသွာခွင့်ပေးမယ်။ ဒီဂိတ်မှာ ကျန်းမာရေးတာဝန်ရှိသူတွေလည်းရှိနေမှာပါ။ အမြန်လမ်းအသုံးပြုသူတွေအနေနဲ့ လိုအပ်တဲ့ပြင်ဆင်မှုတွေလည်းလုပ်နိုင်အောင် ကျွန်တော်တို့အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှာလည်း အသိပေးထားပါတယ်”လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ ဒု-ရဲမှူး မျိုးလင်းသန့်က Duwun ကိုပြောပါတယ်။

အမြန်လမ်းမကြီးရဲ့ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေး ဂိတ်မှာတော့ တစ်နေ့ကို ကားအစီးရေ (၅၀၀)ခန့်ကို စစ်ဆေးပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ဆေးရေး ဂိတ်မှာတော့ ကားသမားတွေ၊ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးနိုင်မယ့် သွေးစစ်ခန်းတွေအပြင် ယာယီနားလို့ရမယ့် နေရာတွေနဲ့ ရေချိုးခန်း၊အိမ်သာတွေကိုပါ ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ အခုလို ရန်ကုန် အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ခြင်းကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က