အောက်တိုဘာ (၁၂) ရက်ကစတင်ဖွင့်လှစ်စစ်ဆေးပေးနေတာပါ

ကိုဗစ်-၁၉ ပိုးစစ်ဆေးပေးမယ့် Test & Care စင်တာတစ်ခုကို သုဝဏ္ဏကိုဗစ်ကုသရေးဌာနမှာ ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေ၊ ကြက်ခြေနီတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို အဓိက ဦးစားပေးစစ်ဆေးပေးနေတယ်လို့ ဧရာဝတီဖောင်ဒေးရှင်းကနေ သိရပါတယ်။

အောက်တိုဘာ (၁၂) ရက်ကစတင်ဖွင့်လှစ်စစ်ဆေးပေးနေတာဖြစ်ပြီး အောက်တိုဘာ (၁၅) ရက်ကစပြီးတော့ အများပြည်သူကို စစ်ဆေးပေးနိုင်ဖို့ အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။



 ဒါကြောင့် သုဝဏ္ဏကိုဗစ်ကုသရေးဌာန (ဧရာဝတီစင်တာ) အနီးက သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ ကိုဗစ်ရောဂါလက္ခဏာ ခံစားရသူတွေကို စစ်ဆေးပေးသွားမယ်လို့လည်း ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

စစ်ဆေးမှုခံယူလိုသူတွေအနေနဲ့ အွန်လိုင်းကတစ်ဆင့် အချက်အလက်ပြည့်ပြည့်စုံစုံရေးသားပြီး ကြိုတင်လျှောက်ထားရမယ်လို့လည်း သိရပါတယ်။စစ်ဆေးမှုခံယူသူတွေထံကို QR Code၊ Patient ID နဲ့ လာရောက်စစ်ဆေးရမယ့် နေရက်၊အချိန်တို့ကို ကာယံကံရှင်ရဲ့ ဖုန်းနံပါတ်ကို စာပို့ပေးသွားမယ်လို့လည်း သိရပါတယ်။

“ အခုလောလောဆယ်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို အဓိက စစ်ဆေးပေးနေတယ်။ သံသယလက္ခဏာခံစားနေရတဲ့ ပြည်သူတွေကိုလည်းစစ်ဆေးပေးနိုင်ဖို့ လုပ်နေတယ်။ ကျွန်တော်တို့ တစ်နေ့ကို လူ တစ်ထောင်အထိ စာရင်းသွင်းလက်ခံပြီး စစ်ဆေးပေးနိုင်ဖို့ မှန်းထားပါတယ်” လို့ ဧရာဝတီစင်တာမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပြပါတယ်။

စစ်ဆေးဖို့ စာရင်းပေးသွင်းလိုသူတွေအနေနဲ့ https://bit.ly/36UvIss ကတစ်ဆင့်လျှောက်ထားရမှာဖြစ်ပြီး ဖုန်းနံပါတ် ၀၁-၄၇၀၅၅၅၅၊ အီးမေးလ် contact@ayacenter.info ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်းသိရပါတယ်။

စစ်ဆေးမှုခံယူမယ့်သူတွေအနေနဲ့ သတ်မှတ်ပေးထားတဲ့ နေရက်၊အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ သုဝဏ္ဏကိုဗစ်ကုသရေးဌာန (ဧရာဝတီစင်တာ) သို့ ဝန်ထမ်းကတ် (သို့) မှတ်ပုံတင်နဲ့အတူ လာရောက်စစ်ဆေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွန်ချက်တွေနဲ့အညီ ရောဂါထပ်မံမပြန့်ပွားစေဖို့ ရည်ရွယ်ပြီး QR Code၊ Patient ID မရှိသူတွေကို စစ်ဆေးပေးမှာမဟုတ်ဘူးလို့လည်း ဧရာဝတီဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က