ကျန်းမာရေးဝန်ထမ်းတွေ အဆင်မပြေရင် သူ့ကို တိုက်ရိုက်ဆက်သွယ်ဖို့ကိုလည်း ဝန်ကြီးဒေါက်တာမြင့်ထွေးက မှာကြားခဲ့ပါတယ်။

နိုင်ငံရဲ့ ဖွံဖြိုးမှုအခြေအနေအရ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးပညာရှင်တွေဟာ အခြားနိုင်ငံတွေက ပညာရှင်တွေနဲ့ လစာနဲ့ ခံစားခွင့်ကွာခြားပေမယ့် ရဲရင့်တဲ့ပရော်ဖက်ရှယ်နယ်စိတ်ဓာတ်နဲ့ အလုပ်လုပ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ချီးကျူးစကားပြောဆိုလိုက်ပါတယ်။



ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုဗစ်လူနာတွေကို ဝေဒနာအနည်းဆုံးဖြစ်အောင်၊ ရောဂါလက္ခဏာမပြင်းထန်ဖို့နဲ့ သေဆုံးမှု နည်းပါးစေဖို့အပြင် ကိုဗစ်မဟုတ်တဲ့ အခြားလူနာတွေအတွက်ပါ နေ့၊ည ပင်ပင်ပန်းပန်းနဲ့ အသက်ကို မငဲ့ဘဲ ဝန်နဲ့အား မမျှစွာ ဝန်ဆောင်ပေးနေတာကို သူ့အနေနဲ့ ကောင်းကောင်းသိပါကြောင်း ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

အခုလို ပြောရတာက ပြည်ထောင်စုဝန်ကြီးတစ်ယောက်အနေနဲ့မဟုတ်ဘဲ ကျန်းမာရေးကဏ္ဍမှ တာဝန်အရှိဆုံးလုပ်ဖော်ကိုင်ဖက်တစ်ဦးအနေနဲ့ရော ၊ သားသမီးတွေရဲ့ ဖခင်တစ်ယောက်အနေနဲ့ပါ အားပေးစကားပြောတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ နေ့စဉ်အလုပ်တာဝန်တွေ ဆောင်ရွက်ရတဲ့ အချိန်တွေမှာ ဆရာတို့၊ ဆရာမတို့ ဒီလိုပင်ပင်ပန်းပန်း Duty ဆင်းနေကြတယ်ဆိုတာ စိတ်ထဲ မြင်ယောင်ပြီး ကျေးဇူးတင် ဂုဏ်ယူနေပါတယ်။ ကျွန်တော်အိပ်တော့မယ့်အချိန်၊ စားတဲ့အချိန်မှာလည်း မအိပ်ရတဲ့ ညပေါင်းများစွာ ရှိနေတဲ့ ဆရာတို့ ဆရာမတို့ကို မြင်ယောင်မိပါတယ်။ အချို့အချိန်တွေမှာ အဆင်ပြေသလို စားသောက်နေထိုင် နေရတယ်ဆိုတာကိုလည်း သိနေပါတယ်။” လို့ ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့လည်း အိပ်ချိန်မှလွဲပြီး ဒီ COVID-19 ကပ်ရောဂါရဲ့ အခြေအနေအရပ်ရပ်ကို အမြဲတမ်းသုံးသပ်ပြီး လိုအပ်တာတွေကို အားသွန်ခွန်စိုက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

အခုအချိန်မှာ ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ Quarantine ဝင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရှိလာတဲ့အတွက် သားသမီးများသဖွယ်ဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် အလွန်စိုးရိမ်မိပြီး နောက်ထပ်ကူးစက်မှုတွေမဖြစ်အောင် လိုအပ်တဲ့ အကာအကွယ်၊ ဆေးပစ္စည်းတွေကိုလည်း ထပ်မံဖြည့်ဆည်းပေးသွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဂျူတီဆင်းတဲ့အခါ မိသားစုတွေ ကူးစက်မခံရအောင် အိမ်မပြန်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ ဆောင်ရွက်ထားပြီး ဝန်ထမ်းတွေရဲ့ မိသားစုတွေ အန္တရာယ်ကင်းရှင်းဖို့၊ အခြားလိုအပ်ချက်၊ အဆင်မပြေမှုတွေရှိခဲ့ရင် သူအပါအဝင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တို့ကို အချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။

ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ၊ အခြေခံကျန်းမာရေးပညာရှင်တွေအားလုံး ဆက်လက်အားတင်းထားကြဖို့၊ ဆေးရုံကို လူနာတွေထပ်မရောက်စေဖို့ contact တွေကို ပိုက်စိတ်တိုက် ခြေရာခံရှာပေးကြဖို့နဲ့ စေတနာ့ဝန်ထမ်းတွေရဲ့အားကိုယူပြီး ဆက်လက်ဆောင်ရွက်ပေးဖို့လည်း ဒေါက်တာမြင့်ထွေးက မေတ္တာရပ်ခံခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က