မီးလောင်မှုကြောင့် တိုက်ခန်းရဲ့အပေါ်ထပ်ကြမ်းခင်းနဲ့ ဆံပင်မိတ်ကပ်အလှပြင်ပစ္စည်းတွေအပါအဝင် ဆိုင်ကယ်တစ်စီးပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ် ၃၅ လမ်း(၈၆ လမ်းနဲ့ ၈၇ လမ်းကြား)ပေါ်က ဆံပင်မိတ်ကပ်အလှပြင်ဆိုင်ဖွင့်ထားတဲ့တိုက်ခန်းတစ်ခန်းမှာ ဒီကနေ့မနက် ၁၂ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ခဲ့တာမှာ ငါးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ငါးဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

"ငါးနှစ်အရွယ်ကလေးမလေးနဲ့ဆိုင်ရှင်ရယ်သင်တန်းသူတွေရယ်လို့သိရတယ်၊ ကလေးမလေးက ကျွန်တော်တို့ကယ်ထုတ်လာလာချင်းပဲ အသက်ကယ်နည်းလမ်းတွေသုံးပြီး အောက်ဆီဂျင်တောက်လျှောက်ပေးပြီးဆေးရုံခေါ်သွားခဲ့တာပါ၊ ဆေးရုံမှာစစ်ဆေးတော့ဆုံးပြီလို့သိရတာ၊ အသင်းသားတွေဆိုစိတ်မကောင်းလွန်းလို့ဆိုပြီး ငိုတဲ့အထိကိုဖြစ်ရပါတယ်၊ အတတ်နိုင်ဆုံးကယ်တင်ရင်းနဲ့ ကလေးမလေးရဲ့ကံကဒီလောက်ပဲပါလာတယ်ပဲဖြေသိမ့်ရပါတယ်" လို့ ကယ်ဆယ်ရေးသွားလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ချမ်းအေးသာစံမြို့နယ်)ကဦးဝင်းနိုင်က Duwun ကိုပြောပါတယ်။



အဲဒီမီးလောင်တဲ့တိုက်ခန်းအနီးမှာ မီးသတ်စခန်းရှိတာဖြစ်ပြီး မီးလောင်ကြာချိန် ၁၀ မိနစ်ခန့်အတွင်းမှာပဲ လူ ငါးဦးစလုံးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ "အပြင်ထွက်မရတော့ မီးခိုးမွှန်ပြီးအသက်ဆုံးရှုံးကြရတာပါ၊ မိန်းမကြီးတစ်ယောက်ဆို အထဲမှာလူတွေရှိတွေရှိပါတယ်လို့အော်ရင်းနဲ့သတိလစ်သွားတယ်၊ သေတဲ့သူတစ်ယောက်ဆိုရင် သုံးပုံနှစ်ပုံလောက်ကမဲနေပြီ" လို့ မီးလောင်စဉ်မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

ဒီမီးလောင်မှုကို သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်က မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီးအကူနဲ့ငြှိမ်းသတ်ခဲ့တာဖြစ်ပြီး မီးလောင်မှုအကြောင်းရင်းနဲ့ပတ်သက်လို့တော့ တိုက်ခန်းအောက်ထပ်မှာရှိတဲ့ လျှပ်စစ်မိန်းခုံအပူလွန်ကဲတာကနေ မီးပွားလွှင့်စင်ကာ အနီးကဆိုဖာဆက်တီပေါ်ပြုတ်ကျပြိးစတင်လောင်ကျွမ်းခဲ့တာလို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနဆီကနေသိရပါတယ်။

မီးလောင်မှုကြောင့် တိုက်ခန်းရဲ့အပေါ်ထပ်ကြမ်းခင်းနဲ့ ဆံပင်မိတ်ကပ်အလှပြင်ပစ္စည်းတွေအပါအဝင် ဆိုင်ကယ်တစ်စီးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းသိရပါတယ်။ ဒီမီးလောင်မှာဖြစ်စဉ်အပေါ် ဆိုင်ရှင်ဖြစ်သူကို ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းက (ပ)၂၃၁/ ၂၀၂၀၊ ၂၈၅/၃၀၄ (က)တို့နဲ့ အမှုဖွင့်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က