ကျန်တဲ့ (၂၀)ဦးက တစ်လလောက်ထိဆေးကုသမှုခံယူရတယ်လို့ သိရပါတယ်။

ကိုဗစ်လူနာတွေအနေနဲ့ အများစု ဆေးရုံတက်ပြီး (၁၀)ရက်နဲ့ (၂)ပတ်အတွင်းမှာ ရောဂါပျောက်ကင်းသွားတယ်လို့ သိရပါတယ်။

လူနာ (၁၀၀)မှာ (၈၀)ဦးလောက် နှစ်ပတ်နဲ့ဆေးရုံကပြန်ဆင်းရတာရှိပြီး ကျန်တဲ့ (၂၀)ဦးလောက်ကတော့ တစ်လလောက်ထိ ရောဂါလက္ခဏာတွေကို ခံစားနေရတာရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ကိုဗစ်နဲ့ ပတ်သက်ပြီး အမေး၊အဖြေကဏ္ဍတင်ဆင်မှုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



“လူ (၁၀၀)မှာ ကိုဗစ်ဖြစ်ရင် (၈၀)က ရောဂါလက္ခဏာပြင်းထန်တာမျိုးမရှိဘဲ (၂)ပတ်လောက်ဆို ပြန်လည်ကောင်းသွားကြပါတယ်။ ဆေးတောင်ထူးထူးခြားခြား သောက်စရာမလိုပါဘူး။ ကျန်တဲ့ (၂၀)ထဲက (၁၅)ယောက်လောက်ကတော့ ပြင်းထန်နိုင်ပြီး (၅)ဦးလောက်ကတော့ အသည်းအသန်ဝေဒနာက်ုခံစားရနိုင်ပါတယ်”လို့ မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဌ ပါမောက္ခဒေါက်တာထင်အောင်စောက ပြောပါတယ်။

တစ်လလောက်ထိ ရောဂါခံစားရတဲ့သူတွေက ရောဂါလက္ခဏာတွေအဖြစ် ချောင်းဆိုးတာ၊ အားအင်ကုန်ခမ်းတာ ၊မောပန်းတဲ့ ဝေဒနာတွေကို ခံစားရပြီး ရောဂါအခံရှိသူတွေအနေနဲ့ အာရုံကြောထိခိုက်ကာ အမြင်အာရုံအကြားအာရုံ ချို့ယွင်းသွားတာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

သုတေသနပြုစုထားတဲ့စာတမ်းတွေအရ လူ (၁၀၀)မှာ (၂)ယောက်ကတော့ နောက် (၃)လအထိ ရောဂါခံစားရတာတွေလည်းရှိတယ်လို့ ဒေါက်တာ ထင်အောင်စောက ပြောပါတယ်။

ဆေးရုံကဆင်းပြီး ချောင်းဆိုးနေတဲ့လူနာတွေရှိပါက ချောင်းဆိုးပျောက်ဆေးသောက်ကာ ကိုယ်ခံအားကောင်းအောင်ပြီး ကျန်းမာရေးကိုတော့ဂရုစိုက်ဖို့ လိုတယ်လို့ဆိုပါတယ်။ လက်ရှိမှာ ကိုဗစ်လူနာတွေကို အဆင့်လိုက်ခွဲကာ ကုသမှုပေးနေသလို ဆေးရုံတက်ရက်တွေကိုလည်း လျှော့ချကာ ရောဂါသက်သာပါက (၁၀)ရက်နဲ့ ဆေးရုံကဆင်းခွင့်ပြုနေတာလည်းဖြစ်ပါတယ်။

လူနာတွေကို ဆေးရုံဆင်းရက်လျှော့ချလိုက်ပေမယ့် စိတ်ချရမှသာ ဆေးရုံကဆင်းခွင့်ပြုတာဖြစ်လို့ ထပ်ဆင့်ပြန်လည်ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်စရာမရှိဘူး၊ ဒါဟာ နိုင်ငံတကာနည်းတူ ဆောင်ရွက်တာ ဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေကပြောကြားထားပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံးပိုးတွေ့လူနာ (၃၂၃၅၁)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိသူက (၁၄၇၀၆)ဦးရှိတဲ့အတွက် လူနာအားလုံးရဲ့ (၄၅)% ကျော် ဆေးရုံက ဆင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က