ဖမ်းဆီးခံကျောင်းသားတွေကို ပြန်လွှတ်ပေးရင် ကိုယ်စားလှယ် (၃)ဦးကို ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLDလွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ဖမ်းဆီးထားကြောင်း AAအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုဗစ်-၁၉ကူးစက်ရောဂါပြန့်ပွါးနေတဲ့ အချိန်ကာလမှာပင် ပြည်သူလူထုရဲ့ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ထည့်မတွက်ဘဲ ရပ်ရွာတွေကို လှည့်လည်မဲဆွယ်စည်းရုံးနေမှုကြောင့် ဖမ်းဆီးရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။



ဖမ်းဆီးခံ လွှတ်တော်ကိုယ်သားလှယ် သုံးဦးကို ပြန်လွှတ်စေလိုပါက NLD အစိုးရအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားများ၊အပြစ်မဲ့ရခိုင်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက်တောင်းဆို ဆန္ဒပြခဲ့တဲ့ကျောင်းသားများကို ပြန်လွှတ်ပေးလျှင် ကိုယ်စားလှယ် သုံးဦးကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားတာပါ။

AAရဲ့ထုတ်ပြန်ချက်မှာပါရှိတဲ့ အချက်တွေနဲ့ တောင်းဆိုချက်တွေက သင့်လျေ်ာခြင်းမရှိဘူးလို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။

“သူတို့ထုတ်ပြန်ထားသလို လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးလို့ ဖမ်းတယ်ဆိုတာက ကိုယ်စားလှယ်သုံးဦးဟာဥပဒေအရ ရပိုင်ခွင့်ရှိတဲ့ မဲဆွယ်စည်းရုံးခွင့်တွေကို အသုံးချနေတာဖြစ်ပါတယ်။ ပြီးတော့ကိုဗစ်ကာကွယ်ထိန်းချုပ်တားဆီးရေးအဖွဲ့ရဲ့ ညွှန်ကြားချက်များနဲ့အညီဆောင်ရွက်တာပါ။ဒါကြောင့် ကိုဗစ်ပြန့်ပွါးခြင်းကို ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်က မှန်ကန်ခြင်းမရှိပါဘူး။ နောက်တစ်ခု ကိုယ်စားလှယ် သုံးဦးကို စစ်သုံ့ပန်း ပုံစံရေးသားထားတယ်။ စစ်သုံ့ပန်းခြင်းလဲလှယ်တဲ့ ပုံစံနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ဖမ်းဆီးထားတဲ့ ကျောင်းသားအချို့ကိုပြန်လွှတ်ပေးဖို့ဆိုပြီး အလဲအလှယ်တောင်းထားတာတွေ့ရတယ်။ သူတို့တောင်းဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း စစ်သုံ့ပန်းတွေမဟုတ်သလို အခုဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကလည်း စစ်သုံ့ပန်းများမဟုတ်ပါဘူး။ ပြည်သူအများကို ကိုယ်စားပြုရန်ကြိုးစားနေတဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေပါ။ဒါကြောင့် ဒီတောင်းဆိုမှုက သင့်တော်လျော်ခြင်းမရှိဘူး”လို့ ဒေါက်တာမျိုးညွန့်ကဆိုပါတယ်။ 

AAရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုတဲ့အတိုင်း လက်ရှိ စစ်ရေးလှုပ်ရှားမှုတွေကို ညှိနှိုင်းရပ်တန့်ပြီး နိုင်ငံရေးလမ်းကြောင်းအတိုင်း ဆွေးနွေးခြင်းသာ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ ဒေါက်တာ မျိုးညွန့်က သုံးသပ်ပြောကြားခဲ့ပါတယ်။

တောင်ကုတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် သုံးဦးအနေနဲ့ အောက်တိုဘာလ (၁၄)ရက်နေ့က ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဟောပြောမှုလုပ်ဆောင်ဖို့အတွက် ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာပါ။ ဖမ်းဆီးခံခဲ့ရတဲ့ နေ့ကစပြီး ယနေ့အထိ အဆက်အသွယ်မရရှိခဲ့ဘဲ ယနေ့ညပိုင်းမှာတော့ AAအဖွဲ့က ဖမ်းဆီးထားကြောင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုယ်စားလှယ် သုံးဦးမှာ အမျိုးသမီးနှစ်ဦးပါဝင်ကာ ဖမ်းဆီးခြင်းခံရသူတွေကတော့ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က