စက်မှုနယ်မြေရဲစခန်းက လုယက်မှုပုဒ်မ ၃၉၂ နဲ့အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့တာပါ။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က UAB ဘဏ်လုယက်မှုကတရားခံကို ချမ်းမြသာစည်မြို့နယ်ထဲမှာ ကြိုးဆွဲချသေဆုံးလျက်တွေ့ရပြီဖြစ်တယ်လို့ ရဲဇာနည်ပေ့ချ်က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

Photo: Ko Ye



အောက်တိုဘာလ ၁၇ ရက်နေ့မနက် ၇ နာရီအချိန်ခန့်က ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် ၄၄ လမ်း၊ ၁၁၆ လမ်းနဲ့ ၁၁၇ လမ်းကြားကခြံဝင်းတစ်ခုမှာ ကြိုးဆွဲချသေဆုံးလျက်တွေ့ရတာလို့သိရပြီး ဒါနဲ့ပတ်သက်လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေစခန်းတာဝန် ရှိရဲအရာရှိတစ်ဦးဆီတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ဟုတ်မှန်ကြောင်းအတည်ပြုဖြေကြားပေးပါတယ်။

"တရားခံက သူ့ဟာသူ Suicide လုပ်သွားတာဗျ၊ သူ့ကိုသေမှုသေခင်းနဲ့ အောင်ပင်လယ်ရဲစခန်းကဖွင့်ထားတယ်ဗျ၊ သူက ကျွန်တော်တို့ဒီကနေပိတ်ဆို့ တဲ့အခါမှာ လုပ်သွားတာပါ၊ သေဆုံးလျက်တွေ့တယ်ဆိုတာဟုတ်တယ်ဗျ" လို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေစခန်းတာဝန် ရှိရဲအရာရှိတစ်ဦးက ပြောပါတယ်။

Photo: Ko Ye

တရားခံဟာ အခင်းဖြစ်တဲ့နေ့က ဘဏ်ကနေထွက်ပြေးသွားပြီးတဲ့နောက် ကားကိုပါဓာတ်ဆီလောင်းပြီးမီးရှှို့ထားခဲ့တာမှာ နောက်ဆက်တွဲ စစ်ဆေးတွေ့ရှိချက်တွေအရ ယာဉ်ဟာလိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း၊ ယာဉ်အတွင်းပိုင်းမှာ လေသေနတ်မှာထည့်သွင်းအသုံးပြုတဲ့ဘောစေ့တွေ နဲ့ ယာဉ်ဒက်ရှိဘုတ်ပေါ်မှာရေးထားတဲ့ဖုန်းနံပါတ်ကိုတွေ့ရကြောင်း၊ အဲဒီဖုန်းနံပါတ်ကိုစစ်ဆေးတာကနေ ဖုန်းကိုင်ဆောင်သူဟာ အောင်ကျော် ထွန်းလို့ ဖုန်းနံပါတ်မှတ်ပုံတင်ထားမှုအရသိရကြောင်း၊ ၎င်းဟာ ရွှေဘိုမြို့နေသူဖြစ်တယ်လို့သိရလို့ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ချိတ် ဆက်စုံစမ်းခဲ့တာမှာ ၎င်းဟာလွန်ခဲ့တဲ့ ၁၀ နှစ်ခန့်ကတည်းက မန္တလေးမြို့မှာပြောင်းရွှေ့နေထိုင်တယ်ဆိုတာကိုသိရကြောင်း၊ မှတ်ပုံတင်နံ ပါတ်ကိုအခြေခံပြီးဆက်လက်စုံစမ်းတာမှာတော့ ၎င်းဟာ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်မှာနေထိုင်တယ်လို့သိရလို့ ၎င်းနေ အိမ်ကို နောက်တစ်ရက်အောက်တိုဘာလ ၁၆ ရက်နေ့ကစလို့ စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ ဒါပေမယ့်လည်းထူးခြားမှုတစ်စုံတရာမတွေ့ ရကြောင်း၊ မနက်အစောပိုင်းအချိန်မှာ အိမ်အတွင်းဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ အိမ်အတွင်းမှာလည်း ၎င်းကိုမတွေ့ရဘဲ ဇနီးဖြစ်သူကိုသာ တွေ့ရပြီး ယာဉ်ပေါ်မှာတွေ့ရတဲ့ဖုန်းနံပါတ်မှာ ၎င်းရဲ့ဖုန်းနံပါတ်မှန်ကန်ကြောင်းနဲ့ ယာဉ်မှာလည်း ၎င်းတို့ဝယ်ယူထားတဲ့ယာဉ်မှန်ကန်ကြောင်း အတည်ပြုစစ်ဆေးရရှိခဲ့ကြောင်း၊ အောင်ကျော်ထွန်းက အဲဒီယာဉ်ကို ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက အွန်လိုင်းကနေတစ်ဆင့် အောင်ပြည့် ဖြိုးသူ(ခ)ကောင်းခန့်ကျော်နဲ့ချိတ်ဆက်ဝယ်ယူခဲ့တယ်ဆိုတာကို ၎င်းရဲ့ဖုန်းမှတ်တမ်းတွေအရစိစစ်တွေ့ရလို့ ဘောစေ့နဲ့ပစ်တဲ့သေနတ်ကို လည်း အွန်လိုင်းမှတစ်ဆင့်ချိတ်ဆက်ဝယ်ယူခဲ့တယ်ဆိုတာကိုတွေ့ရကြောင်း၊ အောင်ကျော်ထွန်းအား ဖမ်းဆီးရမိရေးဆက်လက်စုံစမ်းနေ စဉ်မှာပဲ အောက်တိုဘာလ ၁၇ ရက်နေ့မနက် ၇ နာရီခွဲအချိန်ခန့်မှာ ချမ်းမြသာစည်မြို့နယ် ဗဟိုမီးသတ်ခြံဝင်းရဲ့အပြင်ဘက်မှာ လူတစ်ဦး ကြိုးဆွဲချသေဆုံးလျက်တွေ့ရကြောင်းသတင်းအရ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူရဲ့လက်ကောက်ဝတ်မှာ သွေးကြောအား ဓားနဲ့အနည်းငယ်လှီးထားတဲ့ဒဏ်ရာနဲ့သေဆုံးသူအနီးမှာ မော်တော်ဆိုင်ကယ်တစ်စီးကိုပါတွေ့ရလို့ သေဆုံးသူမှာ အမှုနဲ့စုံစမ်းလျက်ရှိတဲ့ အောင်ကျော်ထွန်းဖြစ်တယ်ဆိုတာကို အတည်ပြုရရှိခဲ့ကြောင်း၊ ဒါ့အပြင် မော်တော်ဆိုင်ကယ်အနီးမှာတွေ့ရတဲ့ စာအုပ်ကြားထဲမှာ ဘရိတ်ဓား တစ်ချောင်း၊ လုယက်မှုနဲ့ပတ်သက်လို့သွေးနဲ့ရေးထားတဲ့စာကိုလည်းတွေ့ရကြောင်း၊ အမှုခိုင်မာစေဖို့အတွက် ၎င်းကိုယာဉ်ရောင်းချခဲ့တဲ့ အောင်ပြည့်ဖြိုးသူ(ခ)ကောင်းခန့်ကျော်ကိုစစ်ဆေးခဲ့တာမှာ အတည်ပြုချက်ထပ်မံရခဲ့ကြောင်း၊ ယာဉ်လာဝယ်တဲ့နေ့က အောင်ကျော်ထွန်းနဲ့ အတူ ဇနီးဖြစ်သူကိုပါ မော်တော်ဆိုင်ကယ်နဲ့ပါလာကြောင်းသိရလို့ ဇနီးဖြစ်သူကို တရားသူကြီးတစ်ဦးရဲ့ရှေ့မှောက်မှာအတည်ပြုဆောင်ရွက်ခဲ့ရာ မှန်ကန်ကြောင်းအတည်ပြုနိုင်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့တယ်လို့ ရဲဇာနည်ပေ့ချ်ကဖော်ပြထားပါတယ်။

Photo: ကိုစစ်

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ၆၂ လမ်းနဲ့ ရတနာလမ်းကြားက UAB ဘဏ် အောက်တိုဘာလ ၁၅ ရက်နေ့နေ့လယ် ၃နာရီခွဲအချိန်လောက်က ဓားပြတိုက်ခံခဲ့ရတာမှာ အဲဒိနယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့စက်မှုနယ်မြေရဲစခန်းက လုယက်မှုပုဒ်မ ၃၉၂ နဲ့အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က