မကွေးတိုင်း ၂၅မြို့နယ်မှာ (၂၁) မြို့နယ်တွင် Covid 19 ရောဂါပိုးတွေ့ရှိလာပြီဖြစ်တဲ့အတွက် တိုင်းအတွင်းရှိဆေးရုံများတွင် အောက်ဆီဂျင်ပိုက်လိုင်းသွယ်တန်းမှုများ ပြင်ဆင်ဆောင်ရွက်နေပြီလို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကနေ သိရပါတယ်။

 မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ ၉ ရက်မှာ ပိုးတွေ့ လူနာ(၆၀)ဦး ၊ အောက်တိုဘာ ၁၅ရက်နေ့တွင် (၅၉)ဦး စံချိန်တင်တွေခဲ့ပြီး ယခုအခါမှာ ပိုးတွေ့လူနာ ၃၀၀ ကျော်ရှိလာခဲ့ပြီးတဲ့နောက် အခုလို စီစဥ်နေခြင်းလည်း ဖြစ်ပါတယ်။ 



"အခုလို ပိုးတွေ့လူနာတွေ များလာတဲ့အတွက် တိုင်းအတွင်းက မြို့နယ်တွေမှာ လူနာ ၅ ဦးကနေ ၁၀ ဦးလောက်ထိ သုံးနိုင်တဲ့ အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းမှုတွေ လုပ်​ဆောင်နေတာပါ" လို့ မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။


ဓာတ်ပုံ - မကွေးပို့စ် (တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်စီဂျင်တပ်ဆင်နိုင်ရန် ပြင်ဆင်နေမှု မြင်ကွင်း)

မကွေးတိုင်းဆေးရုံကြီးမှာ လူနာအယောက် (၂၀) စာ High Dependency Unit' HDU တစ်ခန်း ဖြစ်​မြောက်​ရေးအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းနိုင်ဖို့ ကျပ်သိန်း(၁၀၀)ကျော်ကုန်ကျနိင်ပြီး အလှူရှင်များက ကျပ်သိန်း(၄၀) မတည်လှူဒါန်းထားတယ်လို့ အလှူငွေများ ကူညီလက်ခံစုဆောင်းပေးနေသူ ဒေါ်စန္ဒာဆွေထံကနေ သိရပါတယ်။

မကွေးတိုင်းမှာ ဓာတ်ခွဲစစ်ဆေးသူပေါင်း (၁၇,၂၄၄) ဦး ရှိခဲ့ပြီး အမြန် RDT ဖြင့် စစ်ဆေးပေးသူ ၉၀၀၀ ကျော်ရှိကာ ၊ NHLသို့ ထပ်မံဓါတ်ခွဲနမူနာ ၁၀၀၀ ကျော် ထပ်ပို့ရန်ရှိကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးတွင် Covid 19ရောဂါပိုး လူနာစတွေ့ခဲ့သည့်ဧပြီလ၁၃ ရက်နေ့မှ ယနေ့အောက်တိုဘာ(၂၀)ရက်နေ့ နံနက်ပိုင်းအထိရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၅၁ဦး ၊ တက်ရောက်ကုသဆဲ အတည်ပြုလူနာ (၁၄၈)ဦးရှိနေပြီး (၂၀၃)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှသိရပါတယ်။

Magway Post မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က