ရောဂါကူးစက်မှုတွေဖြတ်တောက်ဖို့ လူအစုအဝေးဖြစ်နိုင်တဲ့နေရာတွေမှာ အထူးသတိပြုကာကွယ်ရမှာဟုဆို

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုက အုပ်စုလိုက် ကူးစက်ဖြစ်ပွားတာဖြစ်ပြီး အများဆုံးကူးစက်မှု ဖြစ်ခဲ့တဲ့နေရာတွေက ဈေးတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘိုးဘွားရိပ်သာနဲ့ စက်ရုံအလုပ်ရုံ တွေဖြစ်ကြတယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ (၂၂) ရက်က ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ အမေးအဖြေကဏ္ဍမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားလိုက်တာပါ။



“ မြန်မာနိုင်ငံရဲ့ ရောဂါကူးစက်မှုက တစ်နိုင်ငံလုံးအနှံ့ပြန့်ပြီးတော့ အိမ်တိုင်းမှာ ရောဂါပိုးရှိသူပေါ်ထွက်နေတာထက် အစုလိုက်လေးတွေ တွေ့နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတယ်။ ဖြစ်ပွားတဲ့လူတစ်ယောက်ကိုတွေ့ရင် သူနဲ့ ဆက်စပ်ထိတွေ့သူက အများကြီးပဲ။ ဆက်စပ်မှုတွေ ပြန်ကြည့်လိုက်ရင် နံပါတ်တစ်အနေနဲ့ ဈေးကနေ အများဆုံးကူးစက်တယ်။ နံပါတ်နှစ်ကတော့ ဘုန်းတော်ကြီးကျောင်းလိုနေရာမျိုးတွေပါ။ နံပါတ်သုံးကတော့ ဘိုးဘွာရိပ်သာတွေမှာ၊ နံပါတ်လေးကတော့ စက်ရုံအလုပ်ရုံတွေမှာ ဒီလိုနေရာမျိုးတွေမှာ အစုလိုက် ကူးစက်မှုတွေ တွေ့နေတယ်” လို့ ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

အဆိုပါ ကူးစက်မှု အများဆုံးဖြစ်နေတဲ့နေရာတွေဟာ လုပ်ငန်းသဘောသဘာဝအရ လူအုပ်စုလိုက် ရှိနေတဲ့နေရာတွေဖြစ်တာကြောင့် အဲဒီနေရာတွေမှာ နေထိုင်လုပ်ကိုင်နေသူတွေအနေနဲ့ အထူးသတိပြုပြီး ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာဖို့ လိုအပ်တယ်လို့လည်း ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် အဆိုပါ အုပ်စုလိုက်ကူးစက်နေတဲ့နေရာတွေမှာ သိသိသာသာလျော့ကျသွားပြီး ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်လိမ့်မယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းရဲ့ ကူးစက်မှုကိုပြန်ကြည့်မယ်ဆိုရင် အခုရက်ပိုင်းအတွင်း ရောဂါပိုးတွေ့ရှိမှုက ထောင်ဂဏန်းဝန်းကျင်နဲ့ တည်ငြိမ်နေပြီး ဒီထက်ပိုပြီးကျဆင်းသွားစေချင်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“ အခုရက်ပိုင်းအတွင်း လူနာအရေအတွက်က တစ်ထောင်ပတ်ချာလည်မှာတန်းနေတယ်။ ဒီလိုတန်းနေတာကို ကျွန်တော်တို့ ကပ်ရောဂါဗေဒအနေအထားအရ ကြည့်မယ်ဆိုရင် သိပ်ပြီးမကြိုက်လှဘူး။ ဒီထက်ပိုပြီး ဆင်းသွားစေချင်တယ်။ “ လို့ ဒေါက်တာ သန်းနိုင်စိုးက ဆိုပါတယ်။

ဒါကြောင့် ရောဂါကူးစက်မှုတွေ ဖြတ်တောက်နိုင်ဖို့ လူအစုအဝေးဖြစ်နိုင်တဲ့နေရာတွေမှာ အထူးသတိပြုကာကွယ်ရမှာဖြစ်ပြီး အချင်းချင်း ထမင်းလက်ဆုံစားတာမျိုးတွေတောင် မလုပ်သင့်ဘူးလို့လည်း ဒေါက်တာသန်းနိုင်စိုးက သတိပေးပြောကြားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ရောဂါပိုးတွေ့ရှိမှုက တစ်ရက်ကို ထောင်ဂဏန်းဝန်းကျင်ခန့်နဲ့ သေဆုံးသူ အရေအတွက်လည်း (၃၀) ဝန်းကျင်ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဒီနေ့ အောက်တိုဘာ (၂၂) ရက် ည (၈) နာရီအထိတော့ မြန်မာနိုင်ငံမှာ စုစုပေါင်း ပိုးတွေ့လူနာ ၄၁,၀၀၈ ဦး၊ သေဆုံးသူ ၁,၀၀၅ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၂၁,၁၄၄ ဦး ရှိပြီး လက်ရှိကုသမှုခံယူနေသူ ၁၈,၈၅၉ ဦးရှိနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က