နာရေးကိစ္စအပြီး နေအိမ်အတွင်းရှာဖွေစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မန္တလေး UAB ဘဏ်လုယက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ တိုင်းမှုခင်းအကူဌာနစုနဲ့ ပြည်ကြီးတံခွန်မြို့နယ်စက်မှုနယ်မြေရဲစခန်းပူးပေါင်းအဖွဲ့တို့က ဒီကနေ့ မနက်ပိုင်းမှာပဲ တရားခံလို့သတ်မှတ်ထားတဲ့အောင်ကျော်ထွန်း(သေဆုံး)ရဲ့နေအိမ်ဆီကို ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo: Mandalay Police

စစ်ဆေးမှုတွေအရ အောင်ကျော်ထွန်းရဲ့နေအိမ်အတွင်းမှာ လုယက်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့တဲ့သေနတ်အတုနဲ့ဆက်စပ်ပစ္စည်းတွေအပါအဝင် ငွေကျပ် ၁၉၉ သိန်းတွေ့ရလို့ ရှာဖွေပုံစံနဲ့သိမ်းဆည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။



ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာကတော့ ဒီကနေ့မနက် ၁၁ နာရီခွဲအချိန်ခန့်က တိုင်းမှုခင်းအကူဌာနစုမှဒုရဲမှူးတစ်ဦး ဦးဆောင်တဲ့ရဲအရာရှိတွေဟာ စက်မှု နယ်မြေရဲစခန်းမှနယ်ထိန်းတာဝန်ရှိသူတွေနဲ့အတူ အောင်ကျော်ထွန်းရဲ့နေအိမ်ဆီဝင်ရောက်စစ်ဆေးခဲ့ရာမှာ အောင်ကျော်ထွန်းရဲ့ဇနီးမသန္တာမြင့်ရဲ့ ထွက်ဆိုချက်အရ နေအိမ်အတွင်းရှိ ဂက်စ်မီးဖိုထည့်တဲ့ကော်ဘူးမှာ ထားနေကျနေရာမှာမရှိတော့ဘဲ ပျောက်ဆုံးနေတယ်ဆိုတာကို သိရလို့ သက်သေတွေ နဲ့အတူရှာဖွေခဲ့ကြောင်း၊ ညနေ ၄ နာရီခွဲအချိန်ခန့်မှာ မီးဖိုခန်း ထမင်းဟင်းချက်တဲ့စင်အောက်ကမြေကြီးပေါ်မှာ အဆိုပါကော်ဘူးအားတွေ့ရှိခဲ့ကြောင်း၊ ကော်ဘူးအတွင်းရှာဖွေရာ ဘောစေ့ထည့်ပစ်ရတဲ့သေနတ် ၁ လက်၊ လက်ထိပ် ၁ ခု၊ ကျင်စက်၊ သေနတ်ထဲ ထည့်ပစ်ရတဲ့ ဂက်စ်ဘူးအသေး ၂ ခုတို့ကို တွေ့ရကြောင်း၊ ဆက်လက်ပြီးတော့လည်း မသန္တာမြင့်က ၎င်းရဲ့ပိုက်ဆံအိတ်တစ်လုံးလည်းပျောက်ဆုံးနေတယ်လို့ ထွက်ဆိုလို့ ဆက်လက်ရှာဖွေတာမှာ ညနေ ၅ နာရီမိနစ် ၂၀ အချိန်ခန့်မှာ မီးဖိုချောင်အဝင်ထောင့်ကသစ်သားသေတ္တာတစ်ခုအတွင်းမှာ အဆိုပါ ပိုက်ဆံအိတ်ကို အနွေးထည်တွေနဲ့အုပ်လျက် တွေ့ရကြောင်း၊ ပိုက်ဆံအိတ်ကိုဖွင့်ကြည့်တဲ့အခါမှာတော့ ငွေစက္ကူတစ်သောင်းကျပ်တန်အရွက်ရေတစ်ရာပါ အထုပ် ၁၉ ထုပ်(သိန်းတစ်ရာကိုးဆယ်) နဲ့ ရွက်ရေ ၉၀ ပါတစ်ထုပ်(ကိုးသိန်းကျပ်) စုစုပေါင်း ၁၉၉ သိန်းကျပ်တို့ကိုတွေ့ရကြောင်း၊ ရှာဖွေတွေ့ရှိမှုတွေနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကသက်သေတွေရှေ့ မှာပဲ ရှာဖွေပုံစံနဲ့သိမ်းဆည်းပြီး အမှုကိုဥပဒေနဲ့အညီတရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်နေကြောင်းသိရပါတယ်။

Photo: Mandalay Police

ရဲတပ်ဖွဲ့က ဒီရှာဖွေစစ်ဆေးမှုကို သေဆုံးသူအောင်ကျော်ထွန်းရဲ့ဈာပနကြောင့် ဒီကနေ့မနက်ပိုင်းမှပဲစတင်ဆောင်ရွက်ခဲ့တာလို့လည်း ရဲဇာနည်ပေ့ချ်က တရားဝင်သတင်းထုတ်ပြန်ထားပြီး အောင်ကျော်ထွန်းမှာ ဇနီးဖြစ်သူမသန္တာမြင့်နဲ့အတူ ၇ နှစ်အရွယ်သမီးတစ်ဦးနဲ့ ၁၁ လသားအရွယ်သားတစ်ဦး ကျန်ရစ်ကြောင်း လည်း အဲဒီသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနဲ့ ရတနာလမ်းထောင့်က UAB ဘဏ် ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့က ဓားပြတိုက်ခံရမှုဖြစ်ခဲ့တာမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က လုယက်မှုနဲ့အမှုဖွင့်ခဲ့ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တရားခံလို့သတ်မှတ်ခံရသူကို အောက်တိုဘာလ ၁၇ ရက်နေ့မနက်ပိုင်းမှာ ကြိုးဆွဲချသေဆုံးလျက်သာတွေ့ရှိခဲ့ရပြီး ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် တရားခံလို့သတ်မှတ်ခံရသူရဲ့ နာရေးကိစ္စအပြီး နေအိမ်အတွင်းရှာဖွေစစ်ဆေးခဲ့တာကနေ မူလသိရှိထားတဲ့သေနတ်အတုနဲ့ဆက်စပ်ပစ္စည်းတွေအပါအဝင် ငွေကျပ် ၁၉၉ သိန်း တွေ့ရှိခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က