အမှန်တကယ်လာရောက်မဲပေးသူအရေအတွက်ကတော့ လျော့နည်းသွားတယ်လို့သိရပါတယ်။

ဒီနှစ်မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စာရင်းပေးသွင်းတဲ့ဦးရေက ၂၀၁၅ခုနှစ်ကထက် သုံးဆလောက်မြင့်တက်ခဲ့ပြီး တကယ်တမ်းမဲပေးခဲ့တဲ့ ရာခိုင်နှုန်းကတော့ ၂၀၁၅ထက်ကျဆင်းခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

လာမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲပေးမှုကို အောက်တိုဘာလ (၁)ရက်နေ့ ကနေ (၁၈)ရက်နေ့အတွင်း သက်ဆိုင်ရာနိုင်ငံတွေအလိုက် လုပ်ဆောင်ခဲ့ကြတာပါ။ မဲပေးမှုနှုန်းကျဆင်းခဲ့ခြင်းကတော့ လက်ရှိနိုင်ငံအသီးသီးမှာ ဖြစ်ပွါးနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် မဲပေးဖို့အခက်အခဲရှိခြင်းဖြစ်နိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ည (၈)နာရီမှာထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်ရောဂါဖြစ်ပွါးမှု နောက်ဆုံးအခြေအနေကိုတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။



“ ဒီနှစ်ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မဲပေးဖို့ စာရင်းထည့်ထားတာက ၂၀၁၅ထက်စာရင် သုံးဆတက်လာတယ်။ ဒါပေမယ့် မဲပေးနှုန်းက ကျလာတယ်။ ၂၀၁၅တုန်းက မဲပေးနှုန်းက (၇၅)ရာခိုင်နှုန်းရှိတယ်။ ဒီနှစ်က (၆၉)ရာခိုင်နှုန်းပဲရှိတာပါ။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာသံရုံးတွေမှာ ပုံစံ (၁၅)ထုတ်ပြီး မဲလာမပေးနိုင်တာကလည်း ကိုဗစ်ရဲ့အခက်အခဲကြောင့်လို့ထင်ပါတယ်။ အစကတည်းက ပုံစံ (၁၅)ထုတ်တာက မဲပေးချင်စိတ်ဆန္ဒရှိလို့ပါ။ တချို့နိုင်ငံတွေမှာဆို ကိုဗစ်ကြောင့်မဲသွားပေးဖို့ အခြေအနေမပေးတာမျိုးတွေရှိပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။

 မဲပေးမှု( ၆၉)ရာခိုင်နှုန်းကလည်း မြင့်မားတဲ့နှုန်းဖြစ်တဲ့အတွက် ပြည်ပရောက်ပြည်သူတွေကိုကျေးဇူးတင်ကြောင်းကိုလည်း အတိုင်ပင်ခံကပြောကြားခဲ့ပါသေးတယ်။ ရွေးကောက်ပွဲနီးလာနဲ့အမျှ ပြည်သူလူထုအနေနဲ့ကိုဗစ်စည်းကမ်းတွေထုတ်ပြန်ထားတဲ့ ဘောင်အတွင်းမှာနေထိုင်ကြဖို့ကိုလည်းမှာကြားခဲ့ပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ကြိုတင်မဲပေးမှုကို မြန်မာသံရုံးတွေရှိရာနိုင်ငံတွေမှာသာမကဘဲ သံရုံးအခြေစိုက်ခြင်းမရှိတဲ့နိုင်ငံတွေက မြန်မာနိုင်ငံသားတွေမဲပေးနိုင်ရန်အတွက်လည်း အစိုးရက ကူညီလုပ်ဆောင်ပေးခဲ့တာမျိုးတွေလည်းရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က