ရန်ကုန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီးစထိန်းနိုင်နေပြီဟုဆို

ရန်ကုန်တိုင်းအတွင်း (၄၄) မြို့နယ်ကို ထုတ်ပြန်ထားတဲ့ Stay Home အမိန့် လက်ရှိအချိန်ထိ တည်နေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်သည်းခံနေထိုင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာရပ်ခံ ပြောကြားလိုက်ပါတယ်။

ဒီနေ့ အောက်တိုဘာ (၂၃) ရက် ည (၈) နာရီက ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။



“ Stay Home မြို့နယ် ကြေညာထားတဲ့ဟာ မပြီးပျက်သေးဘူးဆိုတာ သတိပေးချင်ပါတယ်။အထူးသဖြင့် ရန်ကုန်မှာပေါ့နော်။ ရန်ကုန်မှာ တစ်ချို့စက်ရုံ၊အလုပ်ရုံတွေကို စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် ပြန်ပြီးလည်ပတ်ခွင့်ပြုလိုက်တာကို တချို့က Stay Home လွတ်သွားပြီလို့ ထင်ကြပါတယ်။ အခုထက်ထိ ဒီစည်းမျဉ်းစည်းကမ်းတွေက တည်ဆဲပါပဲ။ သည်းညည်းခံပြီးတော့ ဆက်ပြီးတော့ ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်းနေပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဆက်လက်ပြီး အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး စ ထိန်းနိုင်နေပြီး အမြင့်ဆုံးအဆင့်ကနေ ကျလာပေမယ့် လုံး၀ ဆက်ပြီး ကျဆင်းလာတာမျိုးတော့မဟုတ်သေးဘူးလို့လည်း ပြောပါတယ်။

“ ရန်ကုန်မှာ အခုကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး စပြီး ထိန်းနိုင်ပါပြီ။ စရုံပဲရှိပါသေးတယ်နော်။ ထိန်းနိုင်သွားပြီလို့ ပြောတာမဟုတ်ပါဘူး။ စပြီးထိန်းနိုင်ပြီဆိုတာ ဘယ်လိုပြောချင်တာလဲဆိုတော့ အရင် အမြင့်ဆုံးအဆင့်ကနေ ကျလာပြီ။ သို့သော်လည်း အတက်အကျလေးကတော့ ရှိသေးတာပဲ။ လုံးဝဆက်ပြီးကျတာတော့မဟုတ်ဘူး။ ကျလိုက် နည်းနည်းတက်လိုက်ပေါ့။ တကယ့်ကို ပိုင်ပိုင်နိုင်နိုင်ထိန်းဖို့ ဆက်လုပ်ရဦးမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုကို ကြည့်မယ်ဆိုရင် အရင် သြဂုတ်လ မတိုင်ခင်တုန်းကတော့ အခြေအနေ အကောင်းဆုံးနိုင်ငံတွေထဲမှာပြောနိုင်ခဲ့ပြီး အခုတော့ ပြောလို့မရနိုင်တော့ကြောင်း၊ လက်ရှိနိုင်ငံရဲ့ ကူးစက်မှု အခြေအနေက အဆိုးဆုံးလည်း မဟုတ်သလို အကောင်းဆုံးအနေအထားလည်းမဟုတ်ကြောင်း၊ အခုစပြီးထိန်းနိုင်တယ်ဆိုတာကတော့ တိုးတက်မှုလို့ ဆိုနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့တာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံး (၉၀) နိုင်ငံရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံက နံပါတ် (၇၆) မှာပါဝင်နေတယ်လို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က