ရခိုင်ကရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေမှာ တပ်မတော်အနေနဲ့မဲပေးခွင့် ဆုံးရှုံးမှုတွေရှိတယ်လို့လည်းဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို တပ်မတော်ဘက်ကနေလည်း အကြံပြုခဲ့တာတွေရှိတယ်လို့ ဒီကနေ့ပြုလုပ်တဲ့တပ်မတော်သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

တပ်မတော်ဘက်က အကြံပေးတဲ့နေရာတွေရှိပေမယ့် ကော်မရှင်ဘက်ကထုတ်ပြန်လိုက်တဲ့နေရာအချို့မှာ တပ်မတော်အနေနဲ့ မဲပေးခွင့်ဆုံးရှုံးတဲ့နေရာတွေပါဝင်ခဲ့တယ်လို့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။



“ ကျွန်တော်တို့ဘက်က အကြံပြုပေမယ့်လည်း သူတို့သတ်မှတ်ထားတဲ့အတိုင်းပဲ သွားမှာပါ။ အခုထုတ်ပြန်လိုက်တဲ့နေရာတွေက တပ်မတော်ဘက်ကမဲပေးခွင့်တွေဆုံးရှုံးတယ်ဆိုပေမယ့် ဒီတိုင်းပဲသွားမှာ ဘာမှထပ်ပြီးမဆောင်ရွက်ဘူး။ဘူးသီးတောင် ၊မောင်တော နယ်မြေဆို ကျွန်တော်တို့ တပ်ဌာနချုပ်ကြီးတစ်ခုလုံးရှိတယ်။ အားလုံးမဲမပေးရတဲ့ထဲမှာ ကျွန်တော်တို့လည်းပါပါတယ်။”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။ 

ရခိုင်မှာ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နေရာအများစုက တပ်ဌာနချုပ်တည်ရှိရာနေရာတွေဖြစ်တာကြောင့် တပ်မတော်သားတွေအနေနဲ့ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုများစွာရှိတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀)မှာ တပ်မတော်ဘက်ကနေ လုံခြုံစွာမဲပေးနိုင်တဲ့နေရာဆိုပြီး အာမခံထားတာ (၂၇၁)နယ်မြေရှိပြီး တပ်ကနေ လုံခြုံရေးစီမံချက်လုပ်ပြီးမှ မဲပေးနိုင်မယ့် နေရာက (၂၀)ရှိတယ်လို့တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ကို အကြံပြုခဲ့တာရှိပါတယ်။ 

ကော်မရှင်ဘက်က ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေထဲမှာ တပ်မတော်ဘက်က အကြံမပြုထားတဲ့နေရာအချို့လည်းပါဝင်လာတယ်လို့သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နယ်မြေစာရင်အရ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေက ပြည်သူ (၁၂)သိန်းကျော်ခန့် မဲပေးခွင့်ဆုံးရှုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က