အကြမ်းဖက်မှုကြောင့် ဆိုင်ကယ်တချို့ဖျက်ဆီးခံခဲ့ရသလို ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ အရိုက်ခံခဲ့ရတဲ့ ဒဏ်ရာရလူငယ်တစ်ဦးဟာ ဒီကနေ့ အောက်တိုဘာလ၂၄ ရက်နေ့မှာ သေဆုံးသွားပြီဖြစ်တယ်လို့ တိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ဒီလုံ ဥက္ကဌ ဦးဝင်းအောင်ကပြောပါတယ်။

Photo: Than Htay

အကြမ်းဖက်မှုကိုလုပ်ဆောင်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့်ထားကြောင်းနဲ့ ရဲတပ်ဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို တစ်ယောက်မကျန်ဖော်ထုတ်စစ်ဆေးပြီး အမြန်ဆုံးအရေးယူဖို့လိုအပ်တယ်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောဆိုခဲ့ပါတယ်။



“ကျွန်တော်တို့အစိုးရက နိုင်ငံသားနဲ့ ပါတီတွေကိုလွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူအခွင့်အရေးရှိစေခြင်းတို့ကို အစဉ်တစိုက် အလေးထားဖော်ဆောင်နေပါတယ်။ဒါကြောင့် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့်ဖြစ်စေလုံးဝလက်မခံပါဘူး။ ဖြစ်စဉ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကြည့်ပါ၊ တုတ်တွေ၊ သံပိုက်တွေ၊ ဓားတွေ ကိုင်ဆောင်လာကြတာ ဆိုကတည်းက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ ပေါ်လွင်ပါတယ်။ဒါ့ကြောင့့် ရဲတပ်ဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို တစ်ယောက်မကျန်ဖော်ထုတ်စစ်ဆေးပြီး ဥပဒေအရ အမြန်ဆုံးအရေးယူဖို့ လိုအပ်ပါတယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်စောင့်ကြည့်အရေးယူသွားမယ်လို့”ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကပြောဆိုခဲ့ပါတယ်။

ဒီနေ့အောက်တိုဘာလ ၂၄ ရက်နေ့မှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ကာဘိုးကျေးရွာက အကြမ်းဖက်ခံရသူတွေဆီကို စစ်ကိုင်းတိုင်းဝန်ကြိးချုပ်ဒေါက်တာမြင့်နိုင်နဲ့အတူ ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ဒီလုံ ဥက္ကဌ ဦးဝင်းအောင်ကအပါအဝင် တိုင်းရဲမှူးကြီးဦးဝင်းကြည်နဲ့ တာဝန်ရှိသူတွေ သွားရောက်ခဲ့ပြီး ထောက်ပံ့ငွေတချို့ကိုလည်းပေးခဲ့ပြီး ဒီတွေ့ဆုံမှုမှာ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

Photo: Than Htay

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ဒီလုံ ဥက္ကဌ ဦးဝင်းအောင်ကလည်း “ အဲ့ဒီအကြမ်းဖက်မှုက နားလည်မှုလွဲတာလို့ကျွန်တော်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လက်နက်တွေက ရွာထဲရောက်မှ အလွယ်တကူယူလို့ရတာမျိုးမဟုတ်ဘူး။အကြမ်းဖက်မှုဖြစ်တဲ့နေရာက NLDပါတီက လှည့်လည်တာမရှိဘူး။ ကိုဗစ်စစ်ဆေးရေးဂိတ်ကလူတွေကလည်းပြောတယ် အဲ့ဒီနေ့က USDP ယာဉ်တန်းနဲ့ ဆိုင်ကယ် ၄ စီးလောက်နဲ့ လူငယ်လေးတွေ လမ်းမှာ ရှောင်ကြတယ်။အဲ့ဒီမှာ ဆိုင်ကယ်နဲ့ လူငယ်လေးတွေက နေရာဖယ်ဖို့ ဟွန်းတီးတာကို ဟိုဘက်ပါတီဝန်းရံသူတွေက ကားပေါ်ကဆင်း လိုက်ရိုက်တော့ ကလေးတွေက ထွက်ပြေးကြတယ်။ တွေ့တဲ့အိမ်တဲ့ဝင်ပြေးတော့ ဟိုကလည်း တံခါးတွေပိတ်ပေးထားတော့ အိမ်ကိုခဲနဲပစ်တယ်၊ထုတယ်။အဲ့ဒီမှာ ဘာမှမဆိုင်တဲ့ ခုသေဆုံးသွားတဲ့လူငယ်ကိုဝင်ရိုက်တာဖြစ်တယ်။ အဲ့လူက NLD ပါတီဝင်လည်း မဟုတ်ပါဘူး။ သူ့ဘာသာနေတာကို အရိုက်ခံရပြီး ဒီနေ့ဆုံးသွားပြီဖြစ်ပါတယ်”လို့ ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့မှာ  ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဝန်းရံထောက်ခံသူတွေဟာ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာ ရဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်နှင့် ဒေသခံလူငယ်တွေအပါအဝင် နေအိမ်တချို့အပေါ် မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုကြောင့် ဆိုင်ကယ်တချို့ဖျက်ဆီးခံခဲ့ရသလို လူငယ်တစ်ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က