မဲဆွယ်ကာလအနေနဲ့ (၁၃)ရက်သာ ကျန်ရှိတော့တာပါ။

ကျန်ရှိနေတဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ နိုင်ငံရေးပါတီများနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် ရက်ပေါင်း (၁၅)ရက်သာကျန်ရှိတော့တာဖြစ်ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ မဲဆွယ်စည်းရုံးရေးကာလအနေနဲ့ (၁၃)ရက်သာကျန်ရှိတော့တာဖြစ်ပါတယ်။



ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းတွေဆောင်ရွက်ရာမှာ လူ(၅၀)ဦးထက်ပိုပြီး မစုဝေးကြဖို့ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်လျှက်ရှိနေကြသလို ပါတီတွေကို ဝန်းရံထောက်ခံသူတွေအနေနဲ့ကတော့ လူအင်အားထောင်ချီတွေနဲ့ အင်အားပြလှည့်လည်နေကြတာမျိုးတွေရှိနေပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်ရဲ့ယနေ့ညထုတ်ပြန်ချက်မှာတော့ နိုင်ငံရေးပါတီများနဲ့ကိုယ်စားလှယ်လောင်းများအနေနဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေရာ/ဒေသအလိုက်ထုတ်ပြန်တဲ့ ကျန်းမာရေးဆိုင်ရာအမိန့်များ၊ လမ်းညွှန်ချက်များကိုလိုက်နာရန်၊ တစ်ကြိမ်လျှင် လူ ၅၀ဦးထက်မပိုစေဘဲ အနည်းဆုံး ၆ပေစီကွာနေရာချရန်၊ လူတစ်ဦးအတွက် ၃၆စတုရန်းပေနှုန်းနဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာသာ မဲဆွယ်မှုလုပ်ရန်အစရှိတဲ့ လမ်းညွှန်ချက်တွေကိုလိုက်နာဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် ဝန်းရံသူပြည်သူများအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာမှုအားနည်းတာကိုတွေ့ရှိရလို့ လက်ကျန်မဲဆွယ်ကာလတွေမှာ သတိပြုလိုက်နာရန်ကိုလည်းဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွအနေနဲ့ မဲဆွယ်စည်းရုံးမှုရက်ပေါင်းကို စက်တင်ဘာလ (၈)ရက်နေ့ကနေ နိုဝင်ဘာလ (၆)ရက်နေ့ ည (၁၂)နာရီထိ ရက်ပါင်း (၆၀)သတ်မှတ်ပေးခဲ့တာပါ။ လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲပေးခွင့်ရှိတဲ့ ပြည်သူ (၃၇)သန်းကျော်ရှိပြီး ကြိုတင်မဲပေးမယ့်သူတွေအနေနဲ့ကလည်း နိုဝင်ဘာလ (၈ )ရက်နေ့မတိုင်ခင်ကတည်းက ကြိုတင်မဲပေးနိုင်မှာဖြစ်ပါတယ်။ ပြည်ပရောက်မြန်မာ နိုင်ငံသားတွေအနေနဲ့ကတော့ (၆၉)%ထိကြိုတင်မဲပေးထားပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က