အစိုးရက နိုင်ငံစီးပွားရေးတိုးတက်မှု ၄ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားတာပါ။

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ စီးပွားရေးအနုတ်လက္ခဏာပြပေမယ့် မြန်မာနိုင်ငံအနေနဲ့ကတော့ အပေါင်းလက္ခဏာမှာပဲ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ (၂၃) ရက်က နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



“ဘာပဲဖြစ်ဖြစ်ပေ့ါနော်။ ကျွန်တော်တို့ နိုင်ငံရဲ့ GDP တိုးတက်မှုက Positive ပေါ့နော်။ (+) မှာရှိနေပါတယ်။ ပြန်ကြည့်လိုက်ရင် တစ်ကမ္ဘာလုံးမှာ ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် နိုင်ငံတော်တော်များများက တိုးတက်မှုနှုန်းတွေမှာ အနုတ်ပြသွားတာ။ တော်တော်များများမှာ အနုတ်လက္ခဏာပြပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတစ်ချို့ဆိုလည်း အနုတ်လက္ခဏာပြပါတယ်။ သို့သော် အခုလက်ရှိအနေအထားမှာ ကျွန်တော်တို့ CERP လုပ်နေတာရယ်၊ နောက်ထပ်ရေရှည်အစီအစဉ်အတွက် လုပ်နေတာရယ်ကြောင့် (-) မှာတော့မရှိဘူး။ (+)မှာပဲ ရှိနေတယ်” လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။

နိုင်ငံရဲ့ GDP တိုးတက်မှုကို အရင်က ၆ ဒဿမ ၄ ရာခိုင်နှုန်းခန့်မှန်းထားပြီး မတ်လအတွင်းမှာတော့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုကို ၀ ဒဿမ ၅ ရာခိုင်နှုန်းဆိုပြီး ပြောင်းလဲခန့်မှန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် ကမ္ဘာ့ဘဏ်ရဲ့ မတ်လအတွင်းခန့်မှန်းထားတဲ့ စီးပွားရေးတိုးတက်မှုနှုန်း GDP ထဲကို ၀ ဒဿမ ၁ ရာခိုင်နှုန်း (၁၀၀) ဘီလီယံ လောင်းထည့်ဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ (၁၀၀) ဘီလီယံလောင်းထည့်ဖို့လုပ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ထပ်ပြီးတော့ တိုးလိုက်ပါတယ်။ GDP ရဲ့ (၃.၅) ရာခိုင်နှုန်းကို ကျွန်တော်တို့က လောင်းထည့်မှာဖြစ်တယ်။ လောင်းထည့်မှာ ဖြစ်တဲ့အတွက် တိုးတက်မှုကို တွက်တဲ့အခါမှာလည်း (ဝ.၅) ပေါ့၊ ကမ္ဘာ့ဘဏ်ရဲ့ (ဝ.၅) ရာခိုင်နှုန်းကတော့ လိုက်လျောညီထွေ မဖြစ်တော့ဘူး။ အခုနောက်ပိုင်းမှာတော့ IMF (နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့) က ကျွန်တော်တို့ကို မှန်းတာက (၁.၄) ရာခိုင်နှုန်း တိုးတက်မယ်လို့ပဲ မှန်းထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရပိုင်းကတော့ ၄ ရာခိုင်နှုန်းလောက်တော့ GDP တိုးတက်မှုနှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။”လို့ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုက အပေါင်းလက္ခဏာပြနေပြီး အစိုးရက ခန့်မှန်းထားသလို ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်း တိုးတက်လာမလား (သို့မဟုတ်) IMF (နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့) က ခန့်မှန်းထားသလို ၁ ဒဿမ ၄ ရာခိုင်နှုန်းတိုးတက်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး အပေါင်းလက္ခဏာမှာရှိနေတာကတော့ သေချာကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က