နိုဝင်ဘာလ နောက်ဆုံးပတ်မှာ စတင်သင်ကြားဖို့စီစဉ်ထားတာပါ။

ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရချိန်မှာ ကျောင်းသားကျောင်းသူတွေကို အွန်လိုင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကတစ်ဆင့် စာသင်ကြားနိုင်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

အင်တာနက်မရတဲ့ဒေသတွေမှာတော့ ရေဒီယိုကတစ်ဆင့် သင်ကြားနိုင်ဖို့ လုပ်ဆောင်နေပြီး လာမယ့် နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ စတင်သင်ကြားနိုင်မယ်လို့လည်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက Duwun ကို ပြောပါတယ်။



“ ဆရာတို့က အွန်လိုင်းတင်မကဘူး။ အွန်လိုင်းမရတဲ့နေရာတွေ၊ တီဗွီမရှိတဲ့နေရာတွေမှာ ရေဒီယိုနဲ့ပို့ချနိုင်ဖို့ ပြင်ဆင်နေတုန်းပဲရှိသေးတယ်။ပို့ချမယ် ဆရာ/ဆရာမ၊ အသံသွင်းမယ့် ၊ ဗီဒီယိုရိုက်မယ့်ဆရာ/ဆရာမကို ရွေးချယ်နေတုန်းပဲ။ ဆရာတို့ မှန်းထားတာကတော့ နိုဝင်ဘာလနောက်ဆုံးပတ်လောက်မှာ ဖြစ်မလားမသိဘူးပေါ့နော်။ “ လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားကျောင်းသူတွေ စာမေးပွဲတွေ ဖြေဆိုနိုင်ဖို့အတွက် သင်ကြားရေး လုံလုံလောက်လောက်ရှိဖို့ လိုအပ်တာကြောင့် လက်ရှိအခြေအနေတွေအရတော့ အတန်းတင်စာမေးပွဲဖြေဖို့တော့ မဖြစ်နိုင်သေးဘူးလို့လည်း ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

“ စာမေးပွဲဖြေဖို့ရာက လုံလောက်တဲ့သင်ကြားမှုရှိမှရမယ်။ အခုချိန်မှာ ဖြစ်နိုင်ဖို့ကလည်း အင်မတန်အားနည်းပါတယ်။ အဲဒါဆို တစ်နှစ်အောက်မှာလားဆိုတာကလည်း ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လို့မရဘူး။ ဒီကာလက သာမန်ကာလမဟုတ်တဲ့အတွက် ကိုဗစ်ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်းသွားရမယ်။ ကိုဗစ်က ဒီလောက်ပြန့်နေတာကို ချက်ချင်းကျောင်းတွေပုံမှန်ဖွင့်နိုင်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျောင်းတွေ ပြန်မဖွင့်နိုင်တော့ စာပုံမှန်မသင်နိုင်ဘူး။ စာပုံမှန်မသင်နိုင်ဘဲနဲ့တော့ စာမေးပွဲစစ်ဖို့ကလည်း မဖြစ်နိုင်ဘူး။” လို့ ဒေါက်တာတင်မောင်ဝင်းက ဆက်ပြောပါတယ်။

လတ်တလောမှာတော့ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အခြေအနေမရှိသေးဘဲ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေအထားကို ကြည့်ပြီး ကျောင်းပြန်ဖွင့်ဖို့ ဆုံးဖြတ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြီးခဲ့တဲ့ အောက်တိုဘာ (၂၃) ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြောကြားထားပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကို ကိုဗစ်ရောဂါထိန်းချုပ်နိုင်ချိန်ရောက်မှသာပြန်ဖွင့်နိုင်မှာဖြစ်ပြီး ပြန်ဖွင့်ချိန်မှာ ပိတ်ရက်တွေမှာပါ သင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေရှိတယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။ စာသင်ကျောင်းတွေကို ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းခဲ့တဲ့ ဇူလိုင်လမှာ ခေတ္တပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒုတိယလှိုင်းကူးစက်မှုစတင်ချိန် သြဂုတ်လ၂၇ရက်မှာတော့ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို ပြန်လည်ပိတ်ခဲ့တာ လက်ရှိအချိန်အထိ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က