သေဆုံးမှုနှုန်းက အမျိုးသားနဲ့ အမျိုးသမီးကို တွက်မယ်ဆိုရင် ၃ အချိုး ၂ ဖြစ်နေဟုဆို

ကိုဗစ်ကြောင့်သေဆုံးရမှုတွေမှာ (၆၁) ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်နေပြီး အရက်၊ဆေးလိပ်၊ ကွမ်း၊ ဆေးရွက်ကြီး သုံးစွဲတာစတဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အပြုအမူတွေဟာ အမျိုးသားတွေ သေဆုံးမှုများနေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောလိုက်ပါတယ်။ 

အောက်တိုဘာလ (၂၅) ရက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ (၁,၀၉၅) ဦးရှိနေပြီး အဆိုပါ သေဆုံးမှု ဦးရေအပေါ်မူတည်တွက်ချက်ထားမှုတွေအရ အမျိုးသားတွေသေဆုံးမှုက ၅ ပုံ ၃ ပုံမှာ ရှိနေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။



“ သေဆုံးမှုနှုန်းက အမျိုးသားနဲ့ အမျိုးသမီးကို တွက်မယ်ဆိုရင် ၃ အချိုး ၂ ဖြစ်နေတယ်။အမျိုးသား ၃ ဦးသေဆုံးတယ်ဆိုရင် အမျိုးသမီးက ၂ ဦးသေဆုံးတဲ့သဘောပေါ့။ အမျိုးသားတွေ သေဆုံးမှုများတာ ဘာကြောင့်လဲဆိုရင် ဆေးလိပ်သောက်တဲ့သူဆို နှလုံး၊အဆုတ်သိပ်မကောင်းနိုင်ဘူး။ ကွမ်းစားတာဆိုရင်လည်း ခံတွင်းကိုဒုက္ခပေးတယ်။ အခြားရောဂါတွေလည်းဖြစ်နိုင်တယ်။ ဒီလိုမျိုး အန္တရာယ်ရှိတဲ့အပြုအမူတွေ အမျိုးသားတွေက ကူးစက်ဖို့ ပိုလွယ်တယ်။ဖြစ်လာရင်ခံနိုင်ရည်အားနည်းတာပေါ့။ “ လို့ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားတွေအနေနဲ့ ရောဂါဖြစ်ပွားလာပြီဆိုရင် အမျိုးသမီးတွေထက် စိတ်ပူပန်မှုအားနည်းတာ၊ အပြင်ထွက်ပြီး လူအများနဲ့ ထိတွေ့ဆက်ဆံမှုတွေက အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုမိုများပြားတာ စတဲ့ ဒီလို ဖြစ်ရပ်တွေကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ရောဂါဖြစ်ပွားရတာပိုများနိုင်တယ်လို့ သုတေသနလေ့လာချက်တွေအရ သိရကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုတွေမှာ အသက် (၆၁) နှစ်ကနေ (၇၅) နှစ်အရွယ်တွေ အများဆုံးသေဆုံးနေပြီး သေဆုံးသူ စုစုပေါင်းရဲ့ ထက်ဝက်နီးပါး (၄၅) ရာခိုင်နှုန်းခန့်ရှိနေတယ်လို့လည်းသိရပါတယ်။

“ ၇၅ နှစ်အထက်ကတော့ ရောဂါဖြစ်တာနဲ့ သေတာများတယ်။သို့သော် သေဆုံးမှု အများဆုံးတော့ အသက် (၆၁) နှစ်ကနေ (၇၅) နှစ်အထိအရွယ်တွေပါ။ အသက် (၆၀) ကျော်တဲ့လူတွေ ကိုဗစ်ကြောင့် သေဆုံးမှုကို ကြည့်ရင်တော့ (၇၀) ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်'’  လို့လည်း ဒေါက်တာခင်ခင်ကြီး ထပ်မံပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ဆေးရုံကို သေဆုံးပြီးမှ ရောက်ရှိလာတဲ့နှုန်းကတော့ ပြီးခဲ့တဲ့ တစ်ပတ်က (၁၉) ရာခိုင်နှုန်းရှိရာကနေ အခုရက်ပိုင်းအတွင်းတော့ အနည်းငယ်ကျဆင်းလာပြီး (၁၇) ရာခိုင်နှုန်းသာရှိတော့တယ်လို့လည်းသိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူတွေရဲ့ (၉၀) ရာခိုင်နှုန်းက ဆီးချို၊သွေးတို၊ ကျောက်ကပ်၊ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါစတဲ့ နာတာရည်ရောဂါအခံရှိနေသူများဖြစ်တဲ့အပြင် သေဆုံးသူ အများစုကလည်း အသက်အရွယ်ကြီးသူ အမျိုးသားတွေဖြစ်တာကို တွေ့ရှိရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အောက်တိုဘာ (၂၅) ရက်ကပြုလုပ်တဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှု အပတ်စဉ် ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က