ကိုဗစ်အန္တရာယ် မပြန့်ပွားစေဘဲလုပ်ဖို့ကိုလည်း သတိပေးထားပါတယ်။

လာမယ့် သီတင်းကျွတ်ပိတ်ရက်ရှည်ကာလမှာ လူစုလူဝေးတွေမဖြစ်တဲ့ အစီအစဉ်တွေနဲ့ ကျင်းပဆင်နွှဲကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။

ဒီနေ့ အောက်တိုဘာ (၂၆) ရက်ညပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။



မြန်မာလူမျိုးတွေရဲ့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်တဲ့ သီတင်းကျွတ်အချိန်ကာလမှာ လူစုလူဝေးမဖြစ်စေဘဲ ၊ ကိုဗစ်ရောဂါအန္တရာယ်မပြန့်ပွားစေဘဲ လုပ်ဆောင်နိုင်ပြီး သီတင်းကျွတ်ကာလမှာ ကုသိုလ်လည်းရအောင်၊ စိတ်လည်းအေးချမ်းအောင် ဆင်နွှဲကြဖို့ နည်းလမ်းတွေကို အခုကတည်းက စဉ်းစားထားကြဖို့ကိုလည်း အတိုင်ပင်ခံက တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ နှစ်တိုင်းနှစ်တိုင်းမှာဆိုရင် ကျွန်မတို့ပြည်သူတွေဟာ သီတင်းကျွတ်ကာလမှာဆိုရင် ဘုန်းတော်ကြီးကျောင်းသွားတာ ၊ဘုရားစေတီတွေ ဖူးမျှော်တာတွေက လုပ်နေကြတဲ့အလုပ်တွေပါ။ အခုဒီအချိန်မှာတော့ လုပ်လို့မဖြစ်ပါဘူး။ လုပ်လို့မဖြစ်တဲ့အခါကျတော့ တစ်ခြားနည်းနဲ့ ကျွန်မတို့ရဲ့ ဗုဒ္ဓဘာသာရေးအရ အထွတ်အမြတ်ထားရာ နေ့ဖြစ်တဲ့ သီတင်းကျွတ်ကို ဆင်နွှဲရမှာပေါ့။ ဒါကြောင့်မို့ စိတ်ဓာတ်နဲ့ ကုသိုလ်ရအောင် လုပ်လို့ရပါတယ်။ ဥပမာ မေတ္တာပို့တာ၊တရားမှတ်တာ၊ဘုရားဝတ်ပြုတာ ဒါတွေက ဘယ်နေရာမှာမဆိုလုပ်လို့ရပါတယ်။ တတ်နိုင်သလောက် ကိုယ့်ရဲ့ အိမ်မှာ မီးပုံလေးတွေ အလှဆင်တာကလည်း လူစုလူဝေးမဖြစ်ဘဲနဲ့ ကိုဗစ်ရောဂါအန္တရာယ်မပြန့်ပွားစေဘဲနဲ့ လုပ်နိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ သီတင်းကျွတ်ကာလမှာ အားလုံးကို စိတ်ရွှင်လန်းစေလိုပြီး ကျန်းကျန်းမာမာ၊ချမ်းချမ်းသာသာရှိစေလိုကြောင်းကိုလည်း အတိုင်ပင်ခံ က ပြောကြားသွားခဲ့ပါသေးတယ်။ အောက်တိုဘာ (၂၉) ရက်ကနေ နိုဝင်ဘာ (၂) ရက်နေ့အထိ သီတင်းကျွတ်ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ထားပြီး သီတင်းကျွတ်ကာလကို အကြောင်းပြုကာ မီးရှုးမီးပန်းပစ်လွှတ်တာ၊ ဗြောက်အိုးဖောက်တာ စသဖြင့် အများပြည်သူအထိတ်တလန့်ဖြစ်စေနိုင်တာတွေ မပြုလုပ်ကြဖို့နဲ့ မီးရှုး၊မီးပန်းရောင်းချ၊ပစ်ဖောက်တာတွေ ပြုလုပ်ပါကလည်း တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က