တောင်ဥက္ကလာပဆေးရုံမှာ အဆိုပါဆေးကို လူနာ (၄၅) ဦးအတွက် အသုံးပြုခဲ့ရာ (၄၀)ဦး ပျောက်ကင်းသွားခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါကုသရာမှာ အသုံးပြုနေတဲ့ Remdesivir ဆေးက အထောက်အကူပြုဆေးတစ်ခုအနေနဲ့သာ အသုံးဝင်တာဖြစ်ပြီး ရောဂါအဆင့်တိုင်းမှာတော့ အသုံးမတည့်ဘူးလို့ တောင်ဥက္ကလာပဆေးရုံမှာ ကုသမှု အပိုင်း တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ပါမောက္ခဒေါက်တာမိုးမိုးစန်းက ပြောလိုက်ပါတယ်။

အောက်တိုဘာ (၂၇) ရက်က ဆွေးနွေးထုတ်လွှင့်ခဲ့တဲ့ ကိုဗစ်-၁၉ အမေးအဖြေကဏ္ဍမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး အဆိုပါ ဆေးဟာ ရောဂါ သိပ်မပြင်းထန်တဲ့ လူနာတွေကိုလည်း ပေးဖို့ မလိုအပ်သလို သိပ်ပြင်းထန်တဲ့လူနာတွေအတွက် အသုံးပြုပါကလည်း အကျိုးအာနိသင်မရှိနိုင်ဘူးလို့ ဆိုပါတယ်။



“ အထောက်အကူဆေးတစ်ခုအနေနဲ့သာ အသုံးဝင်တယ်။ ရောဂါအဆင့်တိုင်းမှာ အသုံးမတည့်ပါဘူး။ ဥပမာ ရောဂါသိပ်မပြင်းထန်တဲ့လူတွေမှာ ပေးဖို့မလိုဘူး။ သိပ်ဆိုးတဲ့လူတွေမှာလည်း အကျိုးမရှိဘူး။ အချိန်တိုင်းအတွက်လည်း အသုံးမတည့်ဘူး။ နောက်ကျမှရောက်လာတယ်။ ဆယ်ရက်ကျော်တယ်။ နှစ်ပတ်ကျော်တဲ့လူတွေမှာ သုံးလို့လည်း အကျိုးမရှိပါဘူးး။ ရောဂါလုံးဝပျောက်ကင်းစေတဲ့ကုထုံးတွေ မပေါ်သေးတဲ့ ရောဂါအသစ်တွေမှာ အထောက်အကူပြုစေတဲ့ဆေးတွေကို သူ့နေရာနဲ့ သူ သူ့အချိန်နဲ့သူသုံးပြီးတော့ အကျိုးရှိအောင်လုပ်ရပါတယ်။” လို့ ပါမောက္ခဒေါက်တာမိုးမိုးစန်းက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ Remdesivir ဆေးကိုစက်တင်ဘာ (၂၄) ရက်ကစတင်အသုံးပြုခဲ့ပြီး တောင်ဥက္ကလာပဆေးရုံမှာ လူနာ (၄၅) ဦးခန့်ကို အသုံးပြုကြည့်ခဲ့ရာ (၄၀) ဦးက ရောဂါသက်သာ ပျောက်ကင်းသွားပြီး (၂) ဦးမှာတော့ ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။

ဆုံးပါးသွားခဲ့သူ (၂) ဦးအနက် တစ်ဦးကတော့ အသက်ရှုစက်ပေါ်တင်ကုသနေရသူဖြစ်ပြီး တစ်ဦးမှာ ကျောက်ကပ်မကောင်းသူဖြစ်တယ်လို့လည်း ဒေါက်တာ မိုးမိုးစန်းက ဆက်ပြောပါတယ်။

“ ၄၀ ဦးကသက်သာပျောက်ကင်းပြီး တော်တော်များများက ဆေးရုံဆင်းလို့ရနေပြီ။ ဆုံးပါးသူ (၂) ဦးမှာ တစ်ဦးက အသက်ရှုစက်ပေါ်မှာ ရှိနေတယ်။ တော်တော် နောက်ကျမှပေးရတယ်။ နောက်တစ်ဦးကတော့ ကျောက်ကပ်မကောင်းတဲ့အတွက်ဆုံးပါးသွားတာပါ” လို့ ဒေါက်တာမိုးမိုးစန်းက ပြောပြပါတယ်။

Remdesivir ဆေးဝါးအကျိုးသက်ရောက်မှုကို WHOနဲ့ အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါ အမျိုးသားအင်စတီကျုဒ်ရဲ့ လေ့လာချက်နှစ်ခုမှာ တူညီမှုမရှိတာကို တွေ့ရတယ်လို့ မေးမြန်းမှုကို ဒေါက်တာမိုးမိုးစန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လေ့လာချက်အရ Remdesivir ဆေးက အောက်ဆီဂျင်ပေးရတဲ့ COVID-19 လူနာတွေမှာ အကျိုးပိုရှိတာကို တွေ့ရပြီး အသက်ရှူစက်တင်ထားရသူတွေမှာ အကျိုးဖြစ်မှုနည်းပါးတာကို တွေ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သွေးရည်ကြည်လိုအပ်တဲ့လူနာတွေကိုလည်း Remdesivir တွေနဲ့ ပူးပေါင်းပြီး ကုသပေးရတာတွေ ရှိတယ်လို့လည်း ဒေါက်တာမိုးမိုးစန်းက ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က