ကွာရန်တင်းဝင်နေသူတွေပါအခက်ကြုံနေရပါတယ်။

ကိုဗစ်အတည်ပြုလူနာ (၁၁) ဦးတွေ့ရှိထားတာကြောင့် ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းက စိုင်တီရွာကို အသွားအလာကန့်သတ်ပြီး လော့ဒေါင်းချထားတာကြောင့် ကျေးရွာနေထိုင်သူတွေ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၁၇) ရက်ကစတင်ပြီး ရွာအတွင်းနေထိုင်သူတွေကို မလိုအပ်ဘဲ ပြင်ပကိုမထွက်ဖို့ ထိန်းချုပ်မှုစတင်လုပ်ဆောင်ခဲ့ပြီး အောက်တိုဘာလ (၂၅) ရက်မှာတော့ လော့ဒေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိန်းချုပ်ကန့်သတ်ချိန်ကနေကစပြီး ဒီကနေ့အထိ အစိုးရဘက်ကနေ ရွာမှာနေထိုင်သူတွေအတွက် စားဝတ်နေရး ထောက်ပံ့မှုမရှိတဲ့အပြင် ရွာရဲ့ အ.လ.က ကျောင်းမှာ ကွာရန်တင်းဝင်နေရတဲ့သူတွေလည်း အလှူရှင်မရှိတဲ့နေ့တွေမှာ  သူတို့ဘာသာ ချက်ပြုတ်စားသောက်နေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆန်းလွင်ကပြောပါတယ်။



“ တစ်နေ့လုပ်တစ်နေ့စားတွေကျ နည်းနည်း အခက်အခဲပိုများတာပေါ့။ အလုပ်မှထွက်မလုပ်ရတာကို။ ကွာရန်တင်းက ၁၈ ရက်နေ့ထဲကထည့်တယ်။ လော့ဒေါင်းကတော့ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ။ တစ်ရွာလုံးအပြင်မထွက်ရဆိုပြီး လော့ဒေါင်းချတာပေါ့။ ပိုးတွေသူနဲ့ ထိတွေ့သူတွေကတော့ ရွာက အ.လ.က ကျောင်းမှာထားတယ်။ ကွာရန်တင်းဝင်သူတွေအတွက် အလှူရှင်က တစ်နေ့တစ်လေပေါ်တယ်။ အလှူရှင်မရှိတဲ့နေ့ကျ ကျောင်းထဲမှာပဲ သူတို့ဘာသာချက်ပြီးစားကြတယ်။ ချက်စရာပစ္စည်းကျတော့ သူ့မိသားစု တွေကပဲပို့ပေးကြတာပေါ့။အခုထိတော့ အစိုးရကနေ တစ်နေ့စားစရိတ်ဆိုပြီး ထောက်ပံ့တာမျိုး ဒီကနေ့အထိတော့မရှီဘူး။ စီစဉ်နေပြီလို့တော့ကြားတယ်။”လို့ ဦးဆန်းလွင်ကပြောပါတယ်။

စိုင်တီကျေးရွာမှာ အိမ်ခြေပေါင်း ၂၈၀ ကျော်ရှိပြီး လက်လုပ်လက်စားသမားက ၁၀၀ ကျော်နဲ့ လယ်သမားတွေ အများဆုံးနေထိုင်ကြတယ်လို့သိရပါတယ်။

စိုင်တီကျေးရွာကိစ္စနဲ့ပတ်သက်ပြီး ဝေါမြို့နယ် တိုင်းလွတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည်က “အဲ့ဒီရွာမှာ။ ကျနော်တို့ဆီက စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ရှိတယ်။အဲ့အဖွဲ့က ဈေးဝယ်တာဘာညာလုပ်ပေးတေယ်။ သူတို့ဆီက တကယ်ချို့တဲ့သူတွေကို စာရင်းကောက်ထားတယ်။ အလှူရှင်တွေလှူထားတာတွေကို သူတို့စားဝတ်နေရေးအတွက် ပြန်ပံ့ပိုးဖို့လုပ်နေတယ်။ ဒီမနက်မှ အလှူရထားတဲ့ ၁၅ သိန်းကို ဘော်လန်တီယာအဖွဲ့ကို လွှဲပေးလိုက်တယ်။ သူတို့စီစဉ်ပေးမယ်။ ပိုးတွေ့တော့ နည်းနည်း ကန့်သတ်တာပေါ့။ အပြင်မထွက်ဖို့ ထိန်းထားတာပေါ့။ ခုကတော့ အဲ့ရွာကနေ အပြင်မထွက်ဖို့ လော့ဒေါင်းပုံစံလုပ်လိုက်တာပေါ့။”လို့ ပြောပါတယ်။

စိုင်တီကျေးရွာမှာ ကိုဗစ် အတည်ပြုလူနာ (၁၁) ဦးရှိပြီး အဆိုပါ လူနာတွေနဲ့ထိတွေ့ဆက်စပ်လို့ ကွာရန်တင်းထည့်ထားတဲ့အရေအတွက်ကတော့ (၄၃) ဦးရှိပါတယ်။ ပိုးတွေ့လူနာတွေကတော့ ဝေါမြို့နယ် ပြည်သူဆေးရုံမှာကုသမှုခံယူနေတယ်လို့သိရပါတယ်။ လက်ရှိမှာ ပဲခူးတိုင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာ ကိုဗစ်ကပ်ရောဂါကူးစက်မှု အခြေအနေဆိုရင် ဒုတိယကူးစက်မှုအများဆုံးနေရာမှာဖြစ်နေပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က