နေ့လယ် ၁၁ နာရီမှာအမှုဖြစ်ပွားခဲ့ပြီး ည ၁၂ နာရီ ကျော်လောက်မှာဖြစ်စဥ်အမှန်ကိုစစ်ဆေးဖော်ထုတ်နိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ မြန်မာ့လေကြောင်းလိုင်းရုံး မန်နေဂျာနေအိမ်တွင် အောက်တိုဘာ ၃၀ ရက်နံနက် ၁၁ နာရီက ဓားပြတိုက်ခံရကာ အမျိုးသမီးအား တုတ်ဖြင့်ရိုက်ခဲ့သဖြင့် သေဆုံးသွားမှုမှ ပြစ်မှုကျူးလွန်သူများအား အချိန်တိုအတွင်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများမှာ မန်နေဂျာနဲ့ တပည့်ဖြစ်သူတို့ဖြစ်ကြောင်း ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

"ပြစ်မှုကျူးလွန်တဲ့လူက လင်မယားနှစ်ယောက်ရန်ဖြစ်ပြီး တုတ်နဲ့ရိုက်လိုက်တော့ အမျိုးသမီးသေသွားတဲ့အချိန်မှာ သူ့တပည့်နဲ့ပေါင်းပြီး ဓားပြတိုက်ခံရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင် သူ့ကိုတိတ်နဲ့ပတ်ခိုင်းတယ်။ နောက်ပြီး ဓားပြတိုက်ခံရတယ်ဆိုတာကိုပေါ်လွင်အောင် ပိုက်ဆံသိန်း ၂၀ လည်းယူသွားတယ်။ သူ့မိန်းမကိုလည်း တုတ်နဲ့ရိုက်သွားတယ်လို့ ပထမသတင်းပေးတိုင်ကြားချက်မှာပြောခဲ့ပါတယ်။



တကယ်တမ်းက အဲဒီပိုက်ဆံ သိန်း ၂၀ ဆိုတာက ရှိကိုမရှိတာ။ ဒါပေမဲ့သေချာစစ်ဆေးတဲ့အချိန်မှာ လိမ်ပြီးတိုင်တာကိုစစ်ဆေးပေါ်ပေါက်ခဲ့တာပါ၊ညတွင်းချင်းပဲ ဖြစ်စဥ်အမှန်ကိုဖော်ထုတ်ရရှိခဲ့တာပါ၊ည ၁၂ နာရီ ကျော်လောက်မှာဖြစ်စဥ်အမှန်ကိုစစ်ဆေးဖော် ထုတ်နိုင်ခဲ့ပါတယ်"လို့ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - ဗန်းမော်မြို့မရဲစခန်း

ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ဗန်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ရာ ဖြစ်စဥ်မှန်မှာ မန်နေဂျာဖြစ်သူအောင်ဇော်မြင့်ဦး (၄၄)နှစ်နဲ့ ဇနီးဖြစ်သူစောမိမိကြီး(၄၅)နှစ် တို့ဟာ စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို တုတ်နဲ့ ရိုက်လိုက်တဲ့အတွက် ဦးခါင်းနောက်စေ့ဒဏ်ရာ၊မေးစ့ယာဘက်အောက်ဒဏ်ရာများ ရရှိကာသေဆုံးခဲ့ခြင်းဖြစ်ပြီး ‌အမျိုးသမီးအား ကိုယ်တိုင်တိတ်ဖြင့်ပတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဲဒီနောက် တပည့်ဖြစ်သူအား သူ့ကို တိတ်နဲ့ ပတ်ခိုင်းခဲ့ကာ သက်သေခံပစ္စည်းတွေကို နှစ်‌ယောက်အတူ အနောက်ဘက်အိမ်သာနားက အမှိုက်ပုံမှာပစ်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အမှုအား လိမ်လည်တိုင်ကြားကာ ပြစ်မှုကျူးလွန်ခဲ့သူ အောင်ဇော်မြင့်ဦးနဲ့ အယ်ကျိုင်း(အသက်၊နေရပ်လိပ်စာ)စီစစ်ဆဲ တို့အား ဗန်းမော်မြို့မရဲစခန်းက (ပ)၂၁၂ / ၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ / ၃၉၄ အရအမှုဖွင့်ကာ အမှုဖြစ်စဥ်၌ အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ကျော်သူ ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က