စပ်တူထိုးထားတဲ့ ထီက ပေါက်တာပါ။
Mi Thawdar Aung

နိုဝင်ဘာ လ (၁) ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို တာမွေမြို့နယ်က ဦးမောင်လုံးစတိုးဆိုင်မှာ အလုပ်လုပ်ကိုင်တဲ့ မိတ်ဆွေ(၂)ဦး ဆွတ်ခူးရရှိသွားခဲ့တယ်လို့ သိရပါတယ်။

(၂၁) ကြိမ်မြောက် ဖွင့်လှစ်တဲ့ အောင်ဘာလေသိန်းတစ်သောင်းခွဲဆုကို ပေါက်မဲနံပါတ် ဌ -၁၁၉၃၇ နံပါတ်နဲ့ ဆွတ်ခူးရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကံထူးသွားသူတွေဟာ တာမွေမြို့နယ် (၁၅၇) လမ်းထိပ်က မောင်လုံးစတိုးဆိုင်က ကိုကျော်ဇောနဲ့ မခင်မေလင်းတို့ ဖြစ်ပြီး ထီကို အတူစပ်ထိုးရာကသိန်းတစ်သောင်းခွဲဆု ဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။

'' ကျွန်တော်တို့က လတိုင်းထီထိုးဖြစ်ပါတယ်။ အခု ဒီတစ်ခေါက်က မင်္ဂလာစုံတွဲ တစ်အုပ်စာ လေးသောင်းနှစ်ထောင်ဖိုး ထိုးလိုက်တာ။ ထိုးရမယ့် ငွေပမာဏ နည်းနည်းများတော့ စပ်တူထိုးလိုက်ကြတယ်။ အရင်တုန်းက ထီက ငါးသောင်း တစ်သိန်းဖိုး ပေါက်ဖူးတယ်။ ထီဆုကြီး ပေါက်ဖို့ အမြဲတမ်းစိတ်ကူးဖူးပါတယ်။ အခုတော့ တကယ်ပေါက်ပြီပေါ့'' လို့ သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးရရှိခဲ့သူ ကိုကျော်ဇော်က Duwun ကိုပြောပါတယ်။


ကိုကျော်ဇော်က အခုထွက်ရှိသွားတဲ့ သိန်းတစ်သောင်းခွဲဆုကို လုပ်ဖော်ကိုင်ဖက် မောင်နှမများနဲ့ အတူစပ်ထိုးရာ​က ပေါက်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

'' သူ (ကိုကျော်ဇော်) က ဖုန်းဆက်တော့ ကျွန်မ မယုံနိုင်ဘူးပေါ့။ (၃) ခါလောက်ပြောမှယုံတယ်။ စသိသိချင်း အရမ်း အံ့ဩပြီးဝမ်းသာပါတယ်။ အလှူအတန်းလေးတွေ လုပ်ဖို့လည်း စိတ်ကူးထားပါတယ်'' လို့ ကိုကျော်ဇောနဲ့ အတူ ထီစပ်တူထိုးခဲ့သူ မခင်မေလင်ကလည်းပြောပါတယ်။

ဒီနေ့ထွက်ရှိတဲ့ သိန်းတစ်သောင်းခွဲဆုဟာ မရောင်းရတဲ့ ထီလက်မှတ်ကနေ ပေါက်သွားတာဖြစ်လို့ အစားထိုးပြီး ပြန်လည်ဖွင့်ပေးခဲ့ရာမှ ဌ -၁၁၁၉၃၇ နံပါတ်က ဆွတ်ခူးရရှိသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က