အီတလီနိုင်ငံက ဝယ်ယူထားတာပါ။
Mi Thawdar Aung

ရှာဖွေကယ်ဆယ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေအပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့ နိုင်ငံတော်ကိစ္စရပ်တွေမှာ အသုံးပြုဖို့ ဝယ်ယူထားတဲ့ နိုင်ငံတော်ပိုင် AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT ဟာ ဒီနေ့ နိုဝင်ဘာ (၁) ရက်မနက်ပိုင်းက နေပြည်တော်ကို ဆိုက်ရောက်လာခဲ့တယ်လို့သိရပါတယ်။

အဆိုပါ XY-AFT ရဟတ်ယာဉ် လှည့်လည် ပျံသန်းပြမှုကို နေပြည်တော်တစ်ဝိုက်မှာ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုက်ပါစီးနင်းခဲ့တယ်လို့ အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

ရဟတ်ယာဉ်မှာ ရဟတ်ယာဉ်မှူး (၂)ဦးနဲ့ ခရီးသည် (၁၄)ဦး စုစုပေါင်း(၁၆)ဦး လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ ကျော် ပျံသန်းနိုင်ကာ မြေပြင်နှင့်ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းကိရိယာတွေ ပါရှိတယ်လို့လည်း သိရပါတယ်။

အဲဒီ ရဟတ်ယာဉ်ကို အီတီလီနိုင်ငံက ဝယ်ယူထားတာဖြစ်ပြီး နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်တွေ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ထောက်ပံ့ရေးစတဲ့ အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းတွေ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းတွေနဲ့ နိုင်ငံတော်ကိစ္စရပ်များမှာ အသုံးပြုဖို့ ဆိုပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနဲ့ ဝယ်ယူထားတာပါ။

ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက အီတလီနိုင်ငံ Leonardo S.P.A. ကုမ္ပဏီနှင့် ရဟတ်ယာဉ်ဝယ်ယူရေး စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ အီတလီနိုင်ငံရှိ ရဟတ်ယာဉ် ထုတ်လုပ်တဲ့စက်ရုံမှာ ရဟတ်ယာဉ်ကို စစ်ဆေးလက်ခံခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရဟတ်ယာဉ်ကို မလေးရှားနိုင်ငံရှိ အလုပ်ရုံမှာ ပြန်လည် တပ်ဆင်ခဲ့ပြီး ဧပြီလဆန်းပိုင်းက ပြီးစီးခဲ့ပေမယ့် COVID-19 ကပ်ရောဂါဆိုင်ရာ သွားလာမှုကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံကို အခုမှ ပျံသန်းပို့ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်ပိုင် ရဟတ်ယာဉ် ပျံသန်းရေးနှင့်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အခုဝယ်ထားတဲ့ အမျိုးအစားတူ AW-139 ရဟတ်ယာဉ် ပျံသန်းအသုံးပြုနေတဲ့ Air Myanmar Aviation Serviceနဲ့ စာချုပ်ချုပ်ဆို အပ်နှံထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က