ဆိုင်ခန်းပေါင်း (၁၃၀) ကို ပိတ်လိုက်ရတာပါ။
Mi Thawdar Aung

မန္တလေးမြို့ (၄၁) လမ်းက ကုန်းစိမ်းညဈေးမှာ ကိုဗစ်ပိုးတွေ့လူနာ (၂) ဦးကနေ နောက်ထပ် (၅) ဦးထပ်မံကူးစက်ခံရတာကြောင့် ဆိုင်ခန်းပေါင်း (၁၃၀) ကို ဒီနေ့ နိုဝင်ဘာ (၂) ရက်နေ့မှာ ပိတ်လိုက်ရတယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောလိုက်ပါတယ်။

ကူးစက်သူများလာရတဲ့ အဓိက အကြောင်းရင်းမှာ ဈေးဖွင့်ချိန်ကြာတာကြောင့် Mask ချွတ်မိတာနဲ့ လက်ဖက်ရည်အတူဝိုင်းသောက်ကြတာကြောင့် ဖြစ်တယ်လို့ ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ဆင့် သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမှာ ကူးစက်မှု အများဆုံးဖြစ်ပွားခဲ့တဲ့ ပုဏ္ဏားကုန်းရပ်၊ ဝက်စု အစရှိတဲ့နေရာတွေမှာ ရပ်ကွက် တွေထဲ mask တပ်သူ မရှိသလောက်နည်းပါးတာကြောင့် ကူးစက်မှုများခဲ့ရတာဖြစ်ပြီး လမ်းသွယ်တွေ၊ ဝင်းတွေထဲနေသူတွေအနေနဲ့ ဝင်းအတွင်း၊ လမ်းသွယ်အတွင်းသွားလာရင် mask မတပ်ကြဘဲ သွားလာနေတာတွေ့ရတယ်လို့ ဒေါက်တာရဲလွင်က ဆိုပါတယ်။

“ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးက mask တပ်ဆင်ခြင်းပါ။ မိမိအိမ်ထဲမှာ mask မတပ်ပဲနေလို့ရပေမယ့် အိမ်သားတစ်ယောက် ပိုးတွေ့ရင် တစ်အိမ်လုံးကူးကုန်ကြတဲ့ ဖြစ်ရပ်တွေအများကြီးပါ။ အိမ်ထဲမှာ ကျွန်တော်လည်း mask မတပ်ပါ။ အိမ်သားတွေကို ဖြစ်နိုင်သရွေ့ stay at home လုပ်ခိုင်းထားပါတယ်။ ဈေးဝယ်တာကလွဲရင် အပြင်မထွက်ရပါ။ ဘယ်ဧည့်သည်မှ လာခွင့်မပြုပါ။ သတိမမူမိတဲ့ လုပ်ရပ်တွေထဲကတစ်ခုက ရုံး၊ လုပ်ငန်းခွင်၊ အလုပ်ရုံ တွေမှာ ထမင်းအတူတူစားကြရာကနေ ကူးစက်ကုန်တာပါ။ ထမင်းအတူစားတဲ့အချိန် mask ချွတ်ထားလို့ ကူးစက်ဖို့ အခွင့်အလမ်း chance အရမ်းများသွားပါတယ်။ ကျွန်တော်ကော်မတီဝင်တွေနဲ့ ထမင်းအတူလက်စုံမစားတာ (၂)လ ကျော်သွားပါပြီ။ မန္တလေးမှာ ကူးစက်မှု အများဆုံးဖြစ်သွားတဲ့ ပုဏ္ဏားကုန်းရပ်၊ ဝက်စု အစရှိတဲ့နေရာတွေမှာ ရပ်ကွက် အဝန်းအဝိုင်းထဲ mask တပ်သူမရှိသလောက်နည်းလို့ ကူးစက်မှုအရမ်းများသွားတာပါ။ “ လို့ ဒေါက်တာရဲလွင်က လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။

ဒါ့အပြင် ဈေးတွေမှာ စည်းကမ်းတွေ ခဏခဏတင်းကြပ်လွန်းလို့ mask တက်သူများလာတဲ့အတွက် ဆရာစံဈေး၊ ယောမင်းကြီးဈေး၊ ဘုရားကြီးဈေး၊ ၈၆လမ်း ပလက်ဖောင်းဈေး၊ တံခွန်တိုင်ဈေး၊ မန်းရတနာဈေးတွေမှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပေမယ့် မပြန့်ပွားအောင် အချိန်မှီထိန်းနိုင်ခဲ့ကြောင်း သိရပါတယ်။ 

မန္တလေးတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေမှာ နိုဝင်ဘာ (၂) ရက်နေ့ အထိစာရင်းတွေအရ (၁၉၈၉) ဦးရှိနေတဲ့အနက် ပြန်လည်ကောင်းမွန်လာသူ (၁၃၅၆) ဦး ၊ သေဆုံးသူ (၉) ဦး ရှိခဲ့ရာ လက်ရှိ ဆေးရုံတက်ရောက်ကုသနေသူ (၆၂၄) ဦး ရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က