အချိန်ပိုခေါ်တာက အလုပ်သမားတွေရဲ့ မဲပေးပိုင်ခွင့်အခွင့်အရေးပျက်ပြားစေဟုဆို

နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ စက်ရုံ/အလုပ်ရုံ အလုပ်သမားတွေကို အချိန်ပို ခေါ်ပြီး အလုပ်ခိုင်းတာတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (CTUM) က တောင်းဆိုလိုက်ပါတယ်။



မဲပေးမယ့်နေ့မှာ စက်ရုံ၊ အလုပ်ရုံ တွေရဲ့ အလုပ်ရှင်တွေ၊ စီမံခန့်ခွဲသူတွေအနေနဲ့ အချိန်ပို (OT) ခေါ်ယူဖို့ ပြင်ဆင်ဆောင်ရွက်နေတာကိုတွေ့ရပြီး အထွေထွေရွေးကောက်ပွဲနေ့မှာ အချိန်ပိုခေါ်ယူတာက အလုပ်သမားတွေရဲ့ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး (rights to vote) ၊ နိုင်ငံသားတစ်ဦးရဲ့ ဆန္ဒမဲပေးခွင့် အခွင့်အရေးတွေကို ပျက်ပြားစေဖို့ ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

“ ပြီးခဲ့တဲ့ (၂၀၁၅) ခုနှစ်ရွေးကောက်ပွဲနေ့မှာ အလုပ်သမားတွေဟာ(OT) ဆင်းရလို့ မဲပေးခွင့်မရခဲ့ဘူး။ တစ်ချို့ကလည်း အိုတီဆင်းရမှ တွက်ခြေကိုက်တယ်ရှိတာပေါ့။ အခု (၂၀၂၀) ရွေးကောက်ပွဲမှာ အလုပ်သမားတွေကို အိုတီမခေါ်နဲ့လို့တော့ ပြောချင်တယ်။သို့သော် လုပ်ငန်းလိုအပ်ချက်ကြောင့် ခေါ်ခွင့်ရှိပါတယ်။ ဒါပေမယ့် အိုတီခေါ်တဲ့အချိန်မှာ အလုပ်သမားက မဲပေးမယ်ဆိုရင် သူ့ကို On dutyပေးဖို့ပေါ့။ မဲသွားပေးတယ်ဆို တစ်နာရီကြတယ်။ နှစ်နာရီကြာတယ်ဆိုရင် သူ့ကို အချိန်တွက်ပေးလိုက်တာမျိုးပေါ့။ အဲလိုသတ်မှတ်ပေးဖို့ တောင်းဆိုတာပါ"”လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင်လည်းဖြစ်၊ လှိုင်သာယာမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဦးအောင်ကျော်ထွန်းနိုင်ဦး Duwun ကိုပြောပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့က မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲနေ့ဖြစ်သလို တနင်္ဂနွေနေ့လည်း ဖြစ်တာကြောင့် အလုပ်ပိတ်ရက်ဖြစ်ပြီး ဒီလိုနေ့မှာ အလုပ်ရှင်တွေ၊ စီမံခန့်ခွဲသူတွေအနေနဲ့ အချိန်ပို Overtime (OT) ကို ခေါ်ယူတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ညွန်ကြားချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဆိုပါတယ်။ 

အလုပ်သမားတွေအနေနဲ့လည်း မဲပေးခွင့်ဆုံးရှုံးစေဖို့ အလုပ်ရှင်/ စီမံခန့်ခွဲသူတစ်ဦးဦးက ဆောင်ရွက်ပါက မိမိတို့ရဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ကို ပျက်ပြားစေဖို့ လုပ်ဆောင်တာကို ပြန်လည်တင်ပြဖို့ လိုအပ်ကြောင်း ၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း အလုပ်သမားတွေအားလုံး မဲပေးခွင့်ရစေရေးနဲ့ နိုင်ငံသားတစ်ဦးရဲ့ ဆန္ဒမဲပေးပိုင်ခွင့်ကို ဟန့်တားနှောင့်ယှက်သူ မည်သည့် အလုပ်ရှင်ကိုမဆို နိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (CTUM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က