လူနာ အဘိုးအဘွားတွေကို ပြုစုပေးဖို့ စေတနာ့ဝန်ထမ်းတွေ လိုအပ်နေပါတယ်။
Mi Thawdar Aung

သန်လျင်မြို့နယ်က အဘိုးအဘွားတွေ နေထိုင်ကြတဲ့ သန်လျင်သဘာဝတရားရိပ်သာမှာ ကိုဗစ် ကူးစက်ခံထားရတဲ့ အဘိုးအဘွား (၂၆၂) ဦးအထိ ရှိနေပြီလို့ သန်လျင်သဘာဝရိပ်သာမှ ရုံးအဖွဲ့မှူး ဦးနန္ဒဝင်းကပြောပါတယ်။ 

မနေ့က နိုဝင်ဘာလ ၁ ရက်နေ့ မှာ ရောဂါပိုးကူးစက်ခံရတဲ့ အဘိုးအဘွား (၈၄) ဦးထပ်တိုးခဲ့ရာ (၅၀) ကျော်က အိပ်ရာထဲလဲနေသူတွေဖြစ်တယ်လို့လည်းသိရပါတယ်။ အခုပိုးတွေ့ထားတဲ့ အဘိုးအဘွား (၂၆၀) ကျော်အနက် (၁၅၀) ကိုသာ ဆေးရုံတွေကို ပို့ဆောင်ကုသပေးခဲ့ပြီး ကျန်ရှိတဲ့ လူနာ (၁၀၀) ကျော်ကိုတော့ တာဝန်ယူဆောင်ရွက်ပေးဖို့ အဆင်မပြေတာကြောင့် သန်လျင်သဘာဝတရားရိပ်သာအတွင်းမှာ သီးခြားထားပြီးကုသပေးရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘိုးဘွားလူနာတွေကိုပြုစုစောင့်ရှောက်မှုပေးဖို့ စေတနာဝန်ထမ်းမလုံလောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သန်လျင်သဘာဝတရားရိပ်သာက ရုံးအဖွဲ့မှူး ဦးနန္ဒဝင်းက ဆိုပါတယ်။ 

ဓာတ်ပုံ- ကူးစက်ခံရတဲ့ဘိုးဘွားများကို Happy Covid Center မှာ ကုသပေးနေစဉ်

“ ခုကတော့ (၁၂၀၉) ဦးစစ်ပြီးတဲ့အထဲ (၂၆၂) ဦးတွေ့တာပေါ့။ လက်ရှိမှာ အဆင်မပြေဘူးလို့ပဲပြောရမယ်။ သာမန်အချိန်မှာတောင် ဝန်ဆောင်မှုပေးတဲ့သူက (၂၀)ရာခိုင်နှုန်းမရှိဘူး။ ဒီလိုအခြေအနေမျိုးမှာ လော့ဒေါင်းချရတော့ ပိုခက်ခဲတယ်။ အရင်တုန်းကဆို ဆွမ်းလာယူဆို ကိုယ့်အဆောင်အတွက်ကိုယ်လာယူလို့ရပေမယ့်ခုက အရောက်ပို့စနစ်ဖြစ်သွားတော့ ဝန်ဆောင်မှုစနစ်က သာမန်ထက်ပိုပြီးတော့ ၅ ဆလောက် အားစိုက်ရတာပေါ့။ ဒီအခြေအနေမှာ စွန့်စားပြီးတော့ ကျွန်တော်တို့နဲ့ လက်တွဲပြီးတော့ ဝေယျာဝစ္စ စေတနာ့ဝန်ထမ်းလုပ်ပေးမယ့်သူရှိရင်ကောင်းမယ်။”လို့ ဦးနန္ဒဝင်းကပြောပါတယ်။

အဆိုပါ ဘိုးဘွားရိပ်သာမှာ လူပေါင်း ၃,၀၀၀ကျော်ရှိတဲ့အထဲမှာ (၁၂၀၉) ဦးကို ရောဂါပိုးစစ်ဆေးရာမှာ (၂၆၂) ဦးမှာ ပိုးတွေ့ထားတာဖြစ်ပြီး ကျန်တဲ့သူတွေကိုပါ ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 “ရိပ်သာမှာ အကုန်လုံးကို ပိုက်စိတ် စစ်မယ်။ ပိုးမတွေ့သူတွေကို သီးခြားခွဲထားတယ်။ မစစ်ရသေးသူတွေက နှစ်ထောင်ကျော်လောက်ရှိသေးတယ်။ ရိပ်သာအတွင်းထဲမှာ အခြေချနေထိုင်သူက သုံးထောင်ကျော်ရှိတယ်။ အပြင်က စေတနာရွာအပါအဝင်ပေါ့ အနီးအနားကနေ ရိပ်သာအတွင်းမှာ မနက်သွား ညပြန်လာပြီး ဝေယျာဝစ္စလုပ်ပေးနေတာအားလုံး လေးထောင်ကျော်ရှိပါတယ်။ “ လို့ ဦးနန္ဒဝင်းက ဆိုပါတယ်။

အခုလို ကိုဗစ်-၁၉ ပိုးစတင်ကူးစက်ခဲ့ရတာကတော့ အဆိုပါ ရိပ်သာမှာ နေထိုင်တဲ့ ဘုန်းတော်ကြီး နှစ်ပါး နေမကောင်းလို့ ဆေးရုံကို ပို့ဆောင်စစ်ဆေးရာမှာ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း ရိပ်သာက သွေးကင်ဆာလူနာကို ပုံမှန်ရက်ချိန်းအတိုင်း ရန်ကုန်ဆေးရုံကြီးကို သွားပြစဉ် ကိုဗစ်ရှိမရှိစစ်ဆေးရာ ပိုးတွေ့ရှိတာကြောင့် လိုက်လံပို့ ဆောင်ခဲ့တဲ့ လူမှုရေးဝန်ထမ်းတစ်ဦးမှာပါ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် ရိပ်သာအတွင်း ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်ထိတွေ့ခဲ့တဲ့ ဘိုးဘွားများကို ကိုဗစ်ပိုးရှိမရှိစစ်ဆေးခဲ့ရာ နိုဝင်ဘာ (၁) ရက်ညနေပိုင်း အထိ ပိုးတွေ့သူ (၂၆၂) ဦးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သန်လျင် သဘာဝရိပ်သာကို အလှူရှင်တွေနဲ့ ၊ ဧည့်သည်တွေကိုသာဝင်ထွက်ခွင့်ပြုထားပြီး ကျန်တဲ့ မလိုအပ်တဲ့ သူတွေကိုတော့ ဝင်ထွက်ခွင့်ကန့်သတ် လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ အလှူရှင်တွေ လာရောက်လှူဒါန်းတဲ့အခါမှာလည်း အလှူရှင်ရော၊ ရိပ်သာတွင်းနေထေိုင်သူတွေပါ ဘေးကင်းအောင် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုတွေစီစဉ်ထားရှိတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က