ဖမ်းဝရမ်းထုတ်ပြီး တစ်နှစ်ကျော်အကြာမှာ လာအဖမ်းခံတာပါ။

အစိုးရက ဖမ်းဝရမ်းထုတ်ထားတာကြောင့် မိမိနာမည် အသေမခံနိုင်လို့ လာရောက်အဖမ်းခံရခြင်းဖြစ်တယ်လို့ ဆရာတော် ဦးဝီရသူက လာရောက်ဝန်းရံသူတွေကို မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးဝီရသူဟာ ဒီနေ့ နိုဝင်ဘာ (၂) ရက် ဒဂုံမြို့မရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာဖြစ်ပြီး ဝရမ်းထုတ်ခံထားရပြီး တစ်နှစ်ကျော်အကြာမှာ လာအဖမ်းခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- Wynn Maw (ဆရာတော် ဦးဝီရသူ လာရောက်အဖမ်းခံစဉ်)

"ဆရာတော်ဦးဝီရသူ ကျွန်တော်တို့စခန်းမှာဒီနေ့ နေ့လည်ဖက်လောက်ကလာပြီးအဖမ်းခံခဲ့ပါတယ်၊ ဖမ်းဝရမ်းထုတ်ခံထားရပြီး တစ်နှစ်ကျော်ကြာတဲ့အချိန်မှာ လာအဖမ်းခံတာပါ။ ဆရာတော်ကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က အနောက်ပိုင်းခရိုင်ထွေထွေအုပ်ချုပ်ရေးမှ ဒုအုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တိုင်ထားတာပါ။ အခုအင်းစိန်ကိုပို့ထားပါတယ်။ လူဝတ်လဲမယ်မလဲဘူးဆိုတာကတော့ ကျွန်တော်တို့မသိပါဘူး။ ရုံးထုတ်မယ့် ရက်ကတော့ ပြောလို့မရသေးပါဘူး။ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်နေပါတယ်"လို့ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုပြောကြားပါတယ်။ 

ဆရာတော်ဦးဝီရသူဟာ ဒဂုံမြို့မရဲစခန်းသို့ လာရောက်အဖမ်းမခံစဉ် ကမ္ဘာအေးကုန်း မြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများထံ သြဝါဒခံယူဖို့ သွားခဲ့ပေမယ့် ဆရာတော်ကြီးတွေက တွေ့ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ 

"ဆရာတော်ကို အစိုးရကဖမ်းဝရမ်းထုတ်တယ်။ ကျောင်းကို ကားကိုလည်း ဝရမ်းကပ်တယ်။ ဘဏ်စာအုပ်ကိုလည်း ပိတ်ထားတယ်။ ဒါ့ကြောင့်အားလုံးသော နောင်တော်တွေအနေနဲ့ လာမည့်ရွေးကောက်ပွဲမှာ ကျရာတာဝန်တွေကိုကျေပွန်စွာထမ်းဆောင်ကြစေချင်ပါတယ်။ ပြည်သူတွေအား လုံးလည်း ဒီတာဝန်တွေကိုကျေပွန်စွာထမ်းဆောင်ပြီး ဌက်စုတ်ပါတီကိုအမျိုးပြုတ်အောင်တိုက်ထုတ်ကြပါ"လို့ လာရောက်ဝန်းရံသူတွေကို မိန့်ကြားခဲ့ပါတယ်။ 

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က