အခုလပထမပတ်ကစလို့ ထုတ်လွှင့်ပေးမှာပါ
Mi Thawdar Aung

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာသစ်တော်ရေဆက်ကပ်ပူဇော်ခြင်းနဲ့ ညနေပိုင်းသင်္ကန်းလွှမ်းခြုံနံသာရည်ကပ်လှူပူဇော်ခြင်း အစီအစဉ်တို့ကို မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ရဲ့ တရားဝင် Online Page ကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပေးသွားတော့မှာဖြစ်တယ်လို့ သိရပါ တယ်။

အခုလပထမပတ်ကစလို့ ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကာလ အများသူငှာဝင်ရောက်ဖူးမြှော်ခွင့်ပိတ်ထားစဉ် ကမ္ဘာတစ်ဝန်းလုံးကနေ ကြည့်ရှုပူဇော်လို့ရအောင် ဂေါပကအဖွဲ့ကစီစဉ်ပေးတာဖြစ်တယ်လို့ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစိုးလင်းကပြောပါတယ်။

“ အဓိကရည်ရွယ်တာကတော့ တစ်ကမ္ဘာလုံးကဘုရားဖူးမြှော်လိုကြသူတွေ ကြည်ညိုသဒါပွားပြီးဖူးမြှော်နိုင်ဖို့အတွက်ပါ။ ရေတော်ဆရာတော်ဘုရားကြီး ဝတ်ပြုပူဇော်တဲ့ မနက်အရုဏ်တက်မျက်နှာသစ်တော်ရေဆက်ကပ်ချိန်နဲ့ ညနေပိုင်းသင်္ကန်းခြုံတဲ့အချိန်တွေကိုလွှင့်ပေးမှာပါ “ လို့ ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးလင်းကပြောပါတယ်။

ဓာတ်ပုံ- မေမွန်

ဒီအစီအစဉ်အတွက် ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းလောက်ကတည်းက ပြင်ဆင်စမ်းသပ်မှုတွေဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မဟာမုနိ ဂေါပကအဖွဲ့ ဆိုတဲ့ Online Page ကနေစမ်းသပ်ထုတ်လွှင့်ပေးနေတယ်လို့သိရပါတယ်။

“ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကတည်းကစပြီးစမ်းသပ်ထုတ်လွှင့်ပေးနေတာပါ၊ စမ်းသပ်ကာလဆိုတော့ လိုအပ်တာလေးတွေရှိနေပါတယ်/ အဲဒါရပြီဆိုရင် အားလုံးအဆင်ပြေပြီ/ နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်ပြီ “ လို့လည်း ဥက္ကဋ္ဌဦးစိုးလင်းကပြောပါတယ်။

မန္တလေးမြီု့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးက ပြည်တွင်းကဘုရားဖူးဧည့်သည်တွေတင်သာမကဘဲ ပြည်ပဧည့်သည်တွေကပါ စိတ်ဝင်တစားနဲ့ လာရောက်ဖူးမြှော်ကြည်ညိုကြတဲ့ မြန်မာနိုင်ငံရဲ့အထင်ကရုပ်ရှင်တော်မြတ်တစ်ဆူဖြစ်ပါတယ်။

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို မနက်အရုဏ်တက်ချိန်မှာ ရေတော်ဆရာတော်ရဲ့မျက်နှာသစ်တော်ရေဆက်ကပ်လှူဒါန်းခြင်းအစီအစဉ်နဲ့ရောင်တော် စတင်ဖွင့်လှစ်တာဖြစ်ပြီး နေ့စဉ်ဗုဒဝေယျာဝစ္စအစီအစဉ်တွေနဲ့ပူဇော်ကာ ညနေပိုင်းမှာတော့ ပန်းစေတီကပ်လှူခြင်းပူဇော်ခြင်း၊ သင်္ကန်းလွှမ်းခြုံနံ့သာရည်ကပ်လှူပူဇော်ခြင်းတို့နဲ့ တစ်နေ့တာပူဇော်မှုအစီအစဉ်ပြီးစီးတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က