အလုပ်သမားတွေ မဲပေးပိုင်ခွင့်မဆုံးရှုံးအောင် ရွေးကောက်ပွဲနေ့မှာ အချိန်ပိုမခေါ်ဖို့ တောင်းဆိုထားတာပါ။

ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ (၈) ရက်နေ့မှာ စက်ရုံ၊အလုပ်ရုံ အလုပ်သမားတွေကို အချိန်ပို (OT) ခေါ်တဲ့ စက်ရုံ၊အလုပ်ရုံတွေရှိခဲ့ရင် အဲ့ဒီ စက်ရုံ၊အလုပ်ရုံ ကို တရားစွဲဆိုသွားမှာဖြစ်တယ်လို့ မြန် မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM မှ တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ စက်ရုံတချို့က သမဂ္ဂအဖွဲ့ဝင်အလုပ်သမားတွေကို ရွေးကောက်ပွဲနေ့မှာ အချိန်ပို ခေါ်ယူဖို့ရှိကြောင်း ပြောဆိုတာတွေရှိနေတာကြောင့် နောက်ထပ် အလားတူစက်ရုံ ၊ အလုပ်ရုံတွေအနေနဲ့လည်း အချိန်ပိုခေါ်ယူတာတွေ ရှိလာမှာကို စိုးရိမ်တဲ့အတွက် ခုလိုပြောဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။



အချိန်ပိုခေါ်လို့ အလုပ်သမားတွေက တိုင်ကြားလာရင် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က တရားစွဲဆိုသွားမှာဖြစ်ပြီး တရားစွဲပိုင်ခွင့်မရှိရင် ရွေးကောက်ပွဲကော်မရှင် ဒါမှမဟုတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတဲ့လုပ်ပိုင်ခွင့်ရှိတဲ့ ဌာနတွေကတစ်ဆင့် တရားစွဲဆိုသွားမယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးကပြောပါတယ်။

“အလုပ်သမားတွေကလည်း သူ့အခွင့်အရေးသူမသိဘူး။ အဲ့ဒီနေ့မှာ ဆန္ဒမဲပေးရမယ့်အခွင့်အရေးသူ့မှာရှိတယ်။ အဲဒီလိုပဲ တချို့အလုပ်ရှင်ကလည်း သိကောင်းသိမယ်၊ တချို့အလုပ်ရှင်ကလည်း မသိဘူးပေါ့။ နိုင်ငံရေးကို လုံးဝစိတ်မဝင်စားတာလား ဘယ်လိုလားတော့မသိဘူး။ဒါပေမယ့် အဲ့လိုကိစ္စတွေထပ်ဖြစ်လာမှာစိုးလို့ အစ်မတို့က ကြိုတင်သတိပေးတဲ့အနေနဲ့ ထုတ်ပြန်ထားတယ်။ နိုင်ငံ၊ တိုင်းပြည်ရဲ့ ပြည်သူ့ကိုယ်စားလှယ်ေ တွကို ရွေးကောက်တဲ့ပွဲလောက်တော့ ဘယ်ဟာမှ အရေးမကြိးတော့ဘူး။ အလုပ်ရှင်တွေအနေနဲ့ နိုင်ငံသားတစ်ဦးရဲ့ မဲပေးပိုင်ခွင့် မပျက်စီးအောင် မပျက်ပြားစေဖို့ အလုပ်ရှင်တွေအနေနဲ့သေချာပေါက် မလုပ်ပိတ်ပေးဖို့လိုတယ်။”လို့ မဖြိုးစန္ဒာစိုးကဆိုပါတယ်။

ယခုကာလသည် ကိုဗစ်နဲ့အညီ မဲပေးရမှာဖြစ်တဲ့အတွက် မဲရုံတစ်ခုမှာ ရှိတဲ့ သတ်မှတ်လူဦးရေ၊ သတ်မှတ်ထားတဲ့ မဲပေးချိန် အတွင်းမှာ လုပ်ငန်းပြီးမြှောက်အောင်လုပ်ဆောင်ဖို့ မဖြစ်နိုင်တဲ့အတွက် ဆန္ဒမဲပေးမယ့်သူတွေဟာ မဲရုံအနီး စောင့်ရမှာဖြစ်တာကြောင့် အလုပ်ရှင်တွေအနေနဲ့ နိုင်ငံသားတစ်ဦးရဲ့  မဲပေးပိုင်ခွင့် ကို မပျက်စီးအောင်နဲ့ မပျက်ပြားစေဖို့အတွက် ရွေးကောက်ပွဲနေ့မှာ အလုပ်ပိတ်ပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့တော့ ဒီနေ့ထိ ဘာမှ မကြားသေးဘူး။ ပုံမှန်ဆိုရင်တော့ အလုပ်များတယ်ဆီုရင် ညနေပိုင်းအချိန်ပိုခေါ်တယ်။ အလုပ်ပိတ်ရက်တနင်္ဂနွေကို ခေါ်တာရှိတယ်။ ခုတစ်ပတ် တနင်္ဂနွေကိုတော့ ဘာမှမပြောသေးဘူး ။အဲ့ဒီနေ့က ရွေးကောက်ပွဲမဲပေးရမယ့်နေ့ဆိုတော့ အချိန်ပိုခေါ်ရင်တောင် ကျွန်တော်ကတော့ မလုပ်ပါဘူး။ မဖြစ်မနေ လာခိုင်းမယ်ဆိုရင်တော့ မဲပေးပြီးမှပဲသွားမှာပါ”လို့ လှည်းကူးမြို့နယ် အထည်ချုပ်စက်ရုံတစ်ခုမှ လုပ်သား ကိုသန်းဝင်းဇော်ကပြောပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ ၊၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ညွှန်ကြားချက်တွေအရ လည်း ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ကို မကျင့်သုံးနိုင်စေရန်လည်းကောင်း၊ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန်လည်းကောင်း ဆောင်ရွက်သူဟာ တည်ဆဲဥပဒေများအရ အရေးယူခံရမှာဖြစ်ကြောင်း၊ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေ အချိန်ပိုမခေါ်ဖို့ အတွက် နိုဝင်ဘာ ၂ ရက်နေ့မှာ CTUMက သတိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

“တကယ်လို့အလုပ်ရှင်က အချိန်ပို မဖြစ်မနေခေါ်မယ်ဆိုရင် အလုပ်သမားတွေနိုင်ငံသားအခွင့်အရေးဆုံးရှုံးမယ်။အဲ့ဒါကြောင့် မဆုံးရှုံးအောင် အတတ်နိုင်ဆုံး အချိန်ပို မခေါ်ဖို့ ကြိုထုတ်ပြန်တာ။ မဖြစ်မနေ ခေါ်မယ်ဆိုရင်လည်း အလုပ်သမားတွေကို မဲပေးခွင့်ပေးရမယ်၊ အွန်ဂျူတီသတ်မှတ်ပေးရမယ်ပေါ့။”လို့ CTUM မှ ဗဟိုကော်မတီဝင် ဦးအောင်ကျော်ထွန်းနိုင်ဦးကလည်းပြောခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က