ကျန်းမာရေးဝန်ကြီးဒေါက်တာမြင့်ထွေး ပြောကြားခဲ့တာပါ။

အစွမ်းထက်မြက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်ထွက်လာပြီး လူဦးရေအများစု မရရှိခင်အချိန်အထိ ကိုဗစ်-၁၉ ကူးစက်မှုဒုတိယလှိုင်းရဲ့ နောက်မှာလည်း ကူးစက်မှုလှိုင်းငယ်တွေ ရှိလာနိုင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းတွေကို မိမိအရေးကဲ့သို့ သဘောထားကာ တိကျစွာလိုက်နာပါက အဆိုပါ လှိုင်းတွေ တစ်ခုနဲ့ တစ်ခုဖြစ်ပွားမှု ဝေးကွာနိုင်ပြီး မကြီးမားနိုင်ပါကြောင်း ဒေါက်တာမြင့်ထွေးက ပြောခဲ့တာပါ။



နိုဝင်ဘာ (၄) ရက်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပံ့ပိုးကူညီနေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပရဟိတအသင်းတွေက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆွေးနွေးတင်ပြတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ က ကျန်းမာရေးကဏ္ဍမှာသာမက လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ ကဏ္ဍအမျိုးမျိုးကိုပါက ထိခိုက်စေတာကြောင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေကို အလေးထားလိုက်နာကြဖို့ကိုလည်း အထူးအရေးကြီးတယ်လု့ိလည်း ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ရောဂါကူးစက်ပျံ့နှံ့မှုပုံသဏ္ဌာန်၊ ရောဂါပိုးရဲ့ သဘောသဘာဝအခြေအနေ၊ မိမိတို့မှာရှိတဲ့ အရင်းအမြစ် စတဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီစွာ ဆောင်ရွက်လျက်ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရာမှာ ရပ်ကွက်တွေအတွင်းက ပျံကျဈေးတွေမှာ စည်းကမ်းလိုက်နာမှုအားနည်းနေတာ၊ စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်တွေမှာ စက်သုံးဆီတွေ လိုအပ်နေတာ ၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ COVID-19 လူနာတွေကို အိမ်ပြန်ပို့တဲ့အခါ လူနာတင်ယာဉ်တွေကို အချို့မြို့နယ်တွေက ဝင်ရောက်ခွင့်မပြုတာ၊ စေတနာ့ဝန်ထမ်းတွေအတွက် N95 Mask တွေနဲ့ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံတွေ လိုအပ်နေတာ၊ စေတနာ့ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ပြီးနောက် အသွားအလာကန့်သတ်မှု (quarantine) ခံယူဖို့ နေရာတွေ လိုအပ်နေတာ၊ လူနာများအတွက်သာမက စေတနာ့ဝန်ထမ်းများအတွက်ပါ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့စတာတွေကို အစည်းအဝေးမှာ တက်ရောက်လာတဲ့ စေတနာ့ဝန်ထမ်းတွေက တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် စေတနာ့ဝန်ထမ်းတွေအတွက် N95 Mask များနှင့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံများ ပိုမိုပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်များလိုအပ်မှုကိုလည်း ဆန်းစစ်မှုများ ပြုလုပ်ပြီး ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအား Rapid Antigen Test Kit များဖြင့် COVID-19 ရောဂါစစ်ဆေးပေးလျက်ရှိပြီး ပိုမိုတိုးမြှင့်စစ်ဆေးပေးဖို့ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က