နိုင်ရင်လည်း ကြုံးဝါးဖို့ မလိုသလို၊ ရှုံးရင်လည်း ဒေါသနဲ့ တုန့်ပြန်တာတွေက လုံးဝမလုပ်သင့်ဘူးလို့ဆိုပါတယ်။

တန်ဖိုးရှိတဲ့ ပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုရင် ပြိုင်ပွဲဝင်တဲ့သူတိုင်းဟာ အနိုင်၊ အရှုံး ရလာဒ်ပေါ်မူတည်ပြီး နေတတ်ဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ‌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ 

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေကို တင်ပြတဲ့ ပန်ကြားချက်မှာ ယခုလို ပြောကြားခဲ့တာဖြစ်ပြီး နိုင်ရင်လည်း ကြုံးဝါးဖို့ မလိုသလို၊ ရှုံးရင်လည်း ဒေါသနဲ့ တုန့်ပြန်တာတွေက လုံးဝမလုပ်သင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။



“ ကိုယ်ထောက်ခံအားပေးတဲ့ ပါတီတွေနဲ့ ပတ်သတ်လို့ တက်ကြွမှုတွေကို မိမိတို့ရဲ့စိတ်ထဲမှာသာထားပြီး ရွေးကောက်ပွဲရလာဒ်တွေကို တရားဝင်ကြေညာတာစောင့်ဆိုင်းပြီး နားထောင်စေချင်ပါတယ်။ ရလာဒ်က နိုင်နိုင် ၊ရှုံးရှုံး နေတတ်ဖို့လိုတယ်။ ဒါမှတန်ဖိုးရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်မှာပါ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲကလည်း တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြိုင်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး အနိုင်ရလိုချင်စိတ် များလာတာနဲ့အမျှ မလုပ်သင့်တာတွေ မဖြစ်သင့်တာတွေ လုပ်ဆောင်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ ၂၀၂၀ရွေးကောက်ပွဲက ကိုဗစ်ကာလနဲ့တိုက်ဆိုင်နေပေမယ့်လည်း ပါတီတွေကို အားပေးထောက်ခံတဲ့သူတွေကတော့ အပြိုင်အဆိုင် အင်အားပြလှည့်လည်ခဲ့ကြတာပါ။

အောက်တိုဘာလ (၆)ရက်နေ့ ည(၁၂)ဆိုရင် မဲဆွယ်စည်းရုံးရေးကာလပြီးပြီဖြစ်လို့ ပါတီတွေကို ဝန်းရံသူတွေအနေနဲ့ ပါတီအလံ၊ အင်္ကျီ၊ အမှတ်တံဆိပ်တွေကို ကိုင်ဆောင်တပ်ဆင်ခွင့်မရှိတော့ပါဘူး။ ဒါနဲ့ပတ်သက်လို့လည်း အားလုံးဖြုတ်သိမ်းကြဖို့ကိုလည်း (NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဆက်လက်ပြီးနိုင်ငံ့တာဝန်တွေကို ယူချင်သေးတဲ့အတွက် နိုဝင်ဘာလ (၈)ရက်နေ့မှာ NLD ကို မဲပေးကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။



Share

Loading Next Article...
က္က