ဒီကနေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
Ei Ei Htun

ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ ဆရာဝန်တစ်ဦးအသတ်ခံရတဲ့ အမှုမှ တရားခံကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

တရားခံကို ဒီကနေ့နိုဝင်ဘာလ (၆)ရက်နေ့မှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးချက်အရ သေဆုံးသူဆရာဝန်မိသားစုနဲ့ အိမ်ထောင်ရေး၊လူမှုရေးအရှုပ်အရှင်းပြဿနာတွေကြောင့် သတ်တာဖြစ်တယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရားခံက အသက် (၃၈) နှစ်အရွယ်အမျိုးသားဖြစ်ပြီး အမှုကျူးလွန်စဉ်က ယူဆောင်သွားတဲ့ သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ 

အမှုရဲ့ ဖြစ်စဉ်မှာ နိုဝင်ဘာလ (၃)ရက်နေ့ မနက်ပိုင်းက ဆေးခန်းဖွင့်ရန် နေအိမ်ကနေထွက်လာတဲ့ ဆရာဝန်ကို အမျိုးသားတစ်ဦးက ဓားနဲ့ထိုးပြီး လက်ကိုင်အိတ်ကို လုယူကာထွက်ပြေးသွားခဲ့တာပါ။ ဓားနဲ့ထိုးခံရတဲ့ ဆရာဝန်က အခင်းဖြစ်ပွါးရာ နေရာမှာတင်သေဆုံးခဲ့ပြီး လည်ပင်း၊ရင်ဘတ်၊ နောက်ကျောနဲ့ လက်မောင်းတို့မှာ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။ 

တရားခံကိုတော့အခင်းဖြစ်ပြီး (၄)ရက်မြောက်နေ့ ဒီကနေ့မှာ ဖမ်းဆီးရမိခဲ့တာာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ တရားခံကို လက်ရှိမှာ စမ်းချောင်းမြို့မ ရဲစခန်းမှာပဲ အမှုဖွင့်ထားကာ လူသတ်မှုပုဒ်မ (၃၀၂)နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။



Author


က္က