ရွေးကောက်ပွဲရလဒ်တွေကို နိုင်ငံပိုင်ရုပ်သံဌာနတွေကနေ အချိန်နဲ့တပြေးညီထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။

ကိုဗစ်ကြောင့် လူစုလူဝေးမဖြစ်ပေါ်စေရန် နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲရလဒ်တွေကို ပြည်သူတွေအနေနဲ့ နေအိမ်တွေကသာ စောင့်ကြည့်ကြဖို့ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 



ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ ပါတီစုံအထွေထွေဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ကျင်းပနိုင်ရေးကို အလေးထားဆောင်ရွက်လျှက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း လိုက်နာပူးပေါင်းဆောင်ရွက်ပေးကြဖို့ကို မေတ္တာရပ်ခံခဲ့တာပါ။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံပိတ်ပြီးနောက်ပြည်သူတွေရဲ့ ဆန္ဒမဲတွေကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေမှာရေတွက်သွားမှာပါ။ 

မဲရေတွက်ပြီးနောက် ရလဒ်တွေကိုလည်း ရပ်ကွက်ကော်မရှင်ရုံးတွေမှာ အချိန်နဲ့တပြေးညီ ကပ်သွားမှာဖြစ်သလို နိုင်ငံပိုင်ရုပ်သံဌာနတွေကလည်း ကြေညာပေးသွားမှာဖြစ်ပါတယ်။ မဲရလဒ်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာမှာဖြစ်လို့ ပြည်သူတွေအနေနဲ့က ကိုဗစ်စည်းကမ်းတွေနဲ့ကိုက်ညီအောင် လူစုလူဝေးမဖြစ်စေဖို့အတွက် မိမိတို့ရဲ့ နေအိမ်တွေကနေသာ ရလဒ်တွေကို စောင့်ကြည့်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ 

၂၀၂၀အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့မှာကျင်းပမှာဖြစ်ပြီး နိုင်ငံရေးပါတီ(၉၀)ကျော်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် ကျန်းမာရေးအရ အသက်(၆၀)နဲ့အထက် သက်ကြီးရွယ်အိုတွေရဲ့ကြိုတင်မဲတွေအပါအဝင် ပြည်ပရောက်မြန်မာတွေရဲ့ကြိုတင်မဲတွေကိုတော့ အောက်တိုဘာလအတွင်းကနေ နိုဝင်ဘာလ(၅)ရက်နေ့အထိ ကောက်ခံပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က