တိုင်းနဲ့ ပြည်နယ်တစ်ချို့မှာ တံဆိပ်တုံးအတုများထွက်ပေါ်နေတာကြောင့် သတိပေးခဲ့တာပါ။
Ei Ei Htun

မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာအသုံးပြုတဲ့ တံဆိပ်တုံးကို သေသေချာချာစစ်ဆေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အမှတ်တံဆိပ် ပါ,မပါ စစ်ဆေးဖို့လိုအပ်တယ်လို့ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ 

တိုင်းဒေသကြီး၊ပြည်နယ်တစ်ချို့မှာ UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုတွေ ပေါ်ထွက်နေတာကြောင့် အခုလို သတိပေးထုတ်ပြန်ခဲ့တာဖြစ်ပြီး မဲဆန္ဒရှင်တွေအနေနဲ့ ဆန္ဒမဲမပြုခင်မှာ ကြိုတင်စစ်ဆေးကြဖို့ အတွက် အသိပေးခဲ့တာဖြစ်ပါတယ်။ 

မဲဆန္ဒရှင်တွေဟာ ကိုယ်အသုံးပြုမယ့် တံဆိပ်တုံးမှာ UEC အမှတ်တံဆိပ်မပါရှိပါက သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနဲ့ မဲရုံတာဝန်ရှိသူတွေထံ ချက်ချင်းအကြောင်းကြားရမှာလဲဖြစ်ပါတယ်။ 

ဆန္ဒမဲပေးရာမှာလည်း မိမိမဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ နာမည်နဲ့ သင်္ကေတအမှတ်အသားတည့်တည့်မှာ UEC အမှတ်တံဆိပ်ပါ တံဆိပ်တုံးကို ရိုက်နှိပ်ရမှာ ဖြစ်ပါတယ်။ 

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို မနက်ဖြန် နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာပါ။ ကိုဗစ်ကာလနဲ့ တိုက်ဆိုက်နေတာကြောင့် မဲရုံတွေမှာလည်း ကျန်းမာရေးစည်းကမ်းချက်တွေအညီ ဆောင်ရွက်ထားသလို မဲဆန္ဒရှင်တွေအနေနဲ့ကလည်း လူစုဝေးမဖြစ်အောင် မဲရလဒ်တွေကို မိမိတို့နေအိမ်တွေကသာ စောင့်ကြည့်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ နေ့မှာ မဲရုံပိတ်ပြီးနောက်ပြည်သူတွေရဲ့ ဆန္ဒမဲတွေကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေမှာရေတွက်သွားမှာပါ။ 

မဲရေတွက်ပြီးနောက် ရလဒ်တွေကိုလည်း အချိန်နဲ့တပြေးညီ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ ကပ်သွားမှာဖြစ်သလို နိုင်ငံပိုင်ရုပ်သံဌာနတွေကလည်း ကြေညာပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၀ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာတော့ ပါတီပေါင်း (၉၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က