လတ်တလောရရှိတဲ့သတင်းအချက်အလက်အရ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉ ဦးလို့သိရပါတယ်။
Minn Nandar

မန္တလေး ချမ်းအေးသာစံမြို့နယ်ထဲမှာ ကြိုတင်မဲလိုက်ကောက်တဲ့ရပ်ကွက်ကော်မရှင်စာရေးမတစ်ဦး မနေ့က ကိုဗစ်ရောဂါကူးစက်ခံရပြီး နောက်ဆက်တွဲအဖြစ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအပါအဝင်ကော်မရှင်ရဲ့လုပ်ငန်းတာဝန်ထမ်းဆောင်နေကြသူ ၈ဦးထက်မနည်း ရောဂါကူးစက်ခံရကြောင်းသတင်းရရှိပါတယ်။

"တစ်အိမ်တက်တစ်အိမ်ဆင်းကြိုတင်မဲကောက်တော့ ပိုးတွေ့မယ့်တစ်ယောက်ကကြိုတင်မဲပေးခဲ့တယ်ပေါ့ဗျာ၊ ကြိုတင်မဲပေးပြီးမှ ပိုးတွေ့မှန်းသိတာပါ၊ သူနဲ့ထိတွေ့ခဲ့တဲ့ရပ်ကွက်စာရေးမက နှစ်ရက်သုံးရက်လောက်နေတော့ အနံ့ပျောက်လို့ဆေးရုံတက်တယ်၊ ဆေးရုံမှာဆေးစစ်တော့ Positive aတွ့တာကနေ စဖြစ်တာပါ" လို့ ချမ်းအေးသာစံမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရောဂါကူးစက်ခံရသူတွေဟာ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအနောက်ရပ်ကွက် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဖြစ်ပြီး လတ်တလောရရှိတဲ့သတင်းအချက်အလက်အရ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉ ဦးလို့သိရပါတယ်။ ရောဂါကူးစက်ခံရသူစာရေးမဟာ မနေ့က(နိုဝင်ဘာ ၆ ရက်)ညနေပိုင်းက အနံ့အရသာပျောက်တဲ့ဝေဒနာခံစားရလို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံ ကြီးဆီကိုသွားရောက်ပြသတာမှာ ဓာတ်ခွဲနမူနာယူစစ်ဆေးကြည့်တာကနေ ကိုဗစ်ရောဂါကူးစက်ခံရကြောင်းသိရတာပါ။

"သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို တိုင်းအစိုးရအဖွဲ့က အားချင်းပဲဆေးစစ်တာတွေလုပ်တော့ မဲရုံမှူးတစ်ယောက်ရယ်၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌရယ်၊ နောက်ပြီးတော့ မဲရုံလုံခြုံရေးတွေရယ်၊ နောက် ရာအိမ်မှူးတွေဘာတွေရယ်၊ ရပ်ကွက်စာရေးမနောက်ထပ်တစ်ယောက်ရယ် ရောဂါကူးစက်ခံထားရမှန်း ထပ်သိရတယ်" လို့လည်း ၎င်းကပြောပါတယ်။

ကိုဗစ်ရောဂါအတည်ပြုလူနာတွေ့ရှိမှုမြင့်တက်နေလို့ Stay at Home ချထားခံရတဲ့ မန္တလေး ချမ်းအေးသာစံမြို့နယ်မှာ မနေ့ကတစ်ရက်တည်းမှာ ကိုဗစ်အတည်ပြုလူနာ ၂၀ ဦးထပ်မံထွက်ပေါ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရောဂါကူးစက်ခံရသူတွေကို မန္တလေးမြို့ ၆၂ လမ်းပေါ်က ကိုဗစ်ရောဂါသီးသန့်ကုသပေးနေတဲ့ဆေးရုံတွေဆီအသီးသီးပို့ဆောင် ကျန်းမာရေးစောင့်ရှောက်မှုပေးထားသလို သူတို့နဲ့ထိတွေ့ဆက်စပ်သူ ၁၂၈ ဦးကို လည်း Quarantine Center တွေဆီအသီးသီးပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


Author


က္က